ထီးချိုင့်မှာ စစ်အုပ်စုရဲ့ ရမ်းကားပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးနှင့် မိန်းကလေးငယ်တစ်ဦး သေဆုံး၊ မြိုင်မှာလည်း စစ်အုပ်စု ထောင်ထားတဲ့ မိုင်းကြောင့် ငါးနှစ်အရွယ် ကလေးငယ် ဆုံးပါး၊

ထီးချိုင့်မှာ စစ်အုပ်စုရဲ့ ရမ်းကားပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးနှင့် မိန်းကလေးငယ်တစ်ဦး သေဆုံး၊ မြိုင်မှာလည်း စစ်အုပ်စု ထောင်ထားတဲ့ မိုင်းကြောင့် ငါးနှစ်အရွယ် ကလေးငယ် ဆုံးပါး၊

MFP ၊ အောက်တိုဘာ - ၁

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုတွေ နှစ်ရက်ဆက် တိုက်ခိုက်ခံရကာ အထိနာ အသေများပြီးနောက် စစ်အုပ်စုက လူနေရပ်ရွာတွေထဲ လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်တာကြောင့် ဆွမ်းခံကြွနေတဲ့ ကိုရင်ငယ်တစ်ပါးနှင့် အသက်(၁၆)အရွယ် မိန်းကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ(၂၉)နှင့် (၃၀)ရက်က ထီးချိုင့်မြို့အနီးမှာ စစ်အုပ်စုနှင့် ဒေသ ကာကွယ်ရေး တပ်တွေ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက ပြည်သူတွေကို ပစ်ခတ်ထားကာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက်(၁၈)နှစ်အောက် ကလေးငယ် နှစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ (၂၉)ရက်က ထီးချိုင့်မြို့အပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စကစတွေ အထိနာ အသေများပြီးနောက် အနီးအနားက ပေါက်ကုန်းရွာထဲ လက်နက်ကြီးနဲ့ ထုလို့ ပေါက်ကုန်းဘုန်းကြီးကျောင်းမှာ စစ်ရှောင်ခိုလှုံနေတဲ့ အသက်(၁၆)နှစ်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးတာလို့ ဆိုပါတယ်။

စက်တင်ဘာ(၃၀)ရက်မှာလည်း တိုက်ပွဲမှာ အထိနာတဲ့ စကစတွေက ထီးချိုင့်မြို့ထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ထီးချိုင့်မြို့၊ နဝရတ် ရပ်ကွက်ထဲ ဆွမ်းခံကြွနေတဲ့ ထီးချိုင့် ဝေပုလ္လ ကျောင်းတိုက်က ကိုရင်ငယ်တစ်ပါး ဦးခေါင်းပွင့်ထွက်ကာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။၊

ဒါ့အပြင် ထီးချိုင့်မြို့ လျှပ်စစ်ရုံးဝန်းထဲက ထရန်စဖော်မာ အိုးတစ်‌လုံးလည်း လက်နက်ကြီးကျည် ထိမှန်ကာ ပေါက်ကွဲ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ထီးချိုင့်မြို့အနီး နှစ်ရက်ဆက် တိုက်ပွဲမှာ စကစ (၄၀)ကျော် သေမယ်လို့ ခန့်မှန်းရပြီး ပြည်သူ့ရဲဘော်တွေဘက်က ကျန်းမာရေး မကောင်းသူတစ်ဦး တိုက်ပွဲအတွင်း အမောဖောက် သေဆုံးကာ ရဲဘော် (၁၀)ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

"ခွေးတွေဘက်က (၄၀)ကျော် သေတယ်။ ကိုယ့်ဘက်က ရှစ်ယောက်တော့ ထိတယ်တဲ့"လို့ ထီးချိုင့် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ တိုက်ပွဲမှာ အထိနာတိုင်း ပြည်သူကို ရန်ပြု သောင်းကျန်းလေ့ ရှိသလို အရပ်သားပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ မိုင်းထောင် ဖောက်ခွဲတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။

စက်တင်ဘာ (၃၀)ရက်ကလည်း မကွေးတိုင်း မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် မီးရှို့ သောင်းကျန်းနေတဲ့ စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာထဲ မိုင်းထောင်ထားခဲ့ရာက မိုင်းပေါက်ကွဲလို့ အသက် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

မြိုင်မြို့နယ်၊ ကျောက်ခွက်ကျေးရွာထဲ ဝင်မွှေသောင်းကျန်းနေချိန် တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ကျောက်ခွက်ရွာထဲ မိုင်းထောင်ထားခဲ့ရာက ဒေသခံဖြစ်တဲ့ အသက်ငါးနှစ်အရွယ် မောင်းစိုင်းဝေယံမှာ ခြေထောက်မိုင်းထိပြီး အသက်ဆုံးပါးခဲ့တယ်လို့ နွေဦးတော်လှန်ရေး - မြိုင်မြို့က သတင်း ဖော်ပြပါတယ်။

နိုင်ငံတဝန်း လက်နက်အားကိုးနှင့် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ အသက်(၁၈)နှစ်အောက် ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေကို နေ့စဉ် သတ်-ဖြတ် နေတာ ဖြစ်ပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ထီးချိုင့် #မြိုင် #ကလေးငယ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ