လေယာဉ်နဲ့ မှားယွင်းပစ်ခတ်မှု အပါအဝင် ကသာ တိုက်ပွဲမှာ စကစ အများအပြားသေ၊ စကစ(၄၈)ယောက် ဝင်လာပြီး အရှင် ခြောက်ယောက်သာ ပြန်ထွက်သွားဟုဆို၊

လေယာဉ်နဲ့ မှားယွင်းပစ်ခတ်မှု အပါအဝင် ကသာ တိုက်ပွဲမှာ စကစ အများအပြားသေ၊ စကစ(၄၈)ယောက် ဝင်လာပြီး အရှင် ခြောက်ယောက်သာ ပြန်ထွက်သွားဟုဆို၊

MFP၊ သြဂုတ် - ၂၂

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ခြမ်း ဘန့်ဘွေးကုန်းရွာထဲ ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုကို ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA တပ်ရင်း (၁၂)လက်အောက်ခံ ကချင် PDF နှင့် ဒေသကာကွယ်ရေး တပ်ဖွဲတွေက ဒီမနက်ပိုင်း ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စု အသေအပျောက် များတယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကသာ ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ကသာနယ်၊ ကျောက်ထုံးကြီးတိုက်နယ်၊ ဘန့်ဘွေးကုန်းရွာထဲ လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ဝင်မွှေနေတဲ့ ငါးအိုးမြို့ အခြေစိုက် ခလရ (၁၂၁)က ဖက်ဆစ်တပ်ကို ဒီနေ့ သြဂုတ်(၂၂)ရက် မနက်(၅)နာရီခွဲက စတင်ပြီး KIA ၊ PDF ပူးပေါင်းတပ်တွေက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ နှစ်နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ရွာထဲ ပိတ်မိနေတဲ့ စစ်အုပ်စုကို ကသာမြို့ ခြေမြန်တပ်ရင်း - ခမရ (၃၀၉)က (၁၂၀ မမ) လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သလို မြစ်ကြီးနားကနေ ဂျက်ဖိုက်တာ တိုက်လေယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ကူ ပေးခဲ့ပေမယ့် လေယာဉ်က အချင်းချင်း မှားယွင်းပစ်ခတ်တာကြောင့် စစ်အုပ်စု အသေအပျောက် ပိုများသွားတာလို့ ကသာ ပကဖ က ဆိုပါတယ်။

“ရွာထဲ စဝင်တုန်းက (၄၈)ကောင် ဝင်ခဲ့ပြီး၊ ယခု တိုက်ပွဲပြီးချိန်တွင် ခွေးသေ အလောင်းများကို သံခွန်စက်လှေငယ်ပေါ် ထပ်တင်သောအခါ ခွေးအရှင် ခြောက်ကောင်သာ စက်လှေပေါ် တက်နိူင်သည်ဟု မြေပြင်သတင်း ပေးပို့ချက်အရ သိရှိရပါသည်။ လေယာဉ် နှစ်စီးကလည်း သူ့ကောင်သူ မှားပစ်သည်မှာ သေချာမှု ရှိပါသည်။ ရွာပြင်တွင် ကင်းပုန်းဝပ်နေသော စခ များကို စက်သေနတ်ဖြင့် အဆွဲခံရ၍ အော်ဆဲသံများ ဖြင့် ခွေးများ ဂန့်ဂလာပင် ဖြစ်သွားပါသည်။ မနက်ထဲက ကာကွယ်ရေး တပ်ပေါင်းစုမှလည်း လက်နက်မျိုးစုံဖြင့် ကျွေးခဲ့သည့် ခွေးသေကောင်လည်း အတော်များပါသည်။ ခွေးသေကောင်များ ကို ရေထဲပစ်ချနေသည်ဟု လည်းသတင်းရရှိပါသည်။ဘန့်ဘွေးကုန်း တစ်ဘက်ကမ်း ရေလည်ကျွန်းများတွင် အလောင်းများ ဖျောက်ခြင်း၊ ဒဏ်ရာရများ ဆေးကုခြင်းတို့ကို ပြုလုပ်နေပါသည်။ ကသာမြို့ပေါ် ခွေးသေများ သယ်လျှင် သူတို့အဘ မအလ သိက္ခာကျမှာ စိုးနေလောက်ပါသည်” လို့ ကသာ ပကဖ က ဖော်ပြပါတယ်။

အထိနာတဲ့ စစ်အုပ်စုဟာ ဘန့်ဘွေးကုန်းရွာထဲ နေအိမ်တွေကို မီးရှို့ပြီး နေ့လည်ပိုင်းမှာ ရွာထဲက ပြန်ထွက်သွားပြီလို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ပွဲမှာ KIA တပ်ရင်း (၁၂) လက်အောက်ခံ Kachin PDF၊ ကသာမြို့နယ် ပကဖ၊ တိုက်နယ်နှင့် ရပ်ကျေး ပကဖ တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး Kachin PDF ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ ကသာ ပကဖ က ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ကသာနယ်ထဲမှာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကသာ ပကဖ ရဲဘော်တချို့ကို တွေ့ရစဉ်/Photo - ကသာ ပကဖ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကသာ #ငါးအိုး #KIA #PDF #တိုက်ပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ