ရွှေဘိုမှာ ခရီးသွား လူငယ် ခုနှစ်ဦးကို စစ်အုပ်စုက အနိုင်ကျင့် ဖမ်းဆီး သ-တ်-ဖြတ်၊ အလောင်းတွေ လမ်းဘေး စွန့်ပစ်၊

ရွှေဘိုမှာ ခရီးသွား လူငယ် ခုနှစ်ဦးကို စစ်အုပ်စုက အနိုင်ကျင့် ဖမ်းဆီး သ-တ်-ဖြတ်၊ အလောင်းတွေ လမ်းဘေး စွန့်ပစ်၊

MFP ၊ သြဂုတ် - ၁၆

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာကနေ ရွှေဘိုကားကြီးဝင်းကို လာတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် လူငယ် ခုနှစ်ဦးကို စစ်အုပ်စုက သြဂုတ်(၁၄)ရက် မနက်ပိုင်းမှာ အနိုင်ကျင့် ရန်ပြု ဖမ်းဆီးခဲ့ပြီးနောက် ထင်တိုင်းကျဲ ညှဉ်းပန်းနှိပ်စက် သ-တ်-ဖြတ်ကာ အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သြဂုတ်(၁၄)ရက် မနက်ပိုင်းက ခင်ဦးနယ်ကနေ ရွှေဘိုမြို့ ကားကြီးကွင်းဘက် လာတဲ့ လူငယ်တွေကို စစ်အုပ်စုက အနိုင်ကျင့် ဖမ်းဆီးပြီး ရွှေဘိုလေ့ကျင့်ရေးတပ် အမှတ်(၈)ထဲ ဖမ်းခေါ်သွားကာ သ-တ်-ဖြတ် ပြီးနောက် သြဂုတ်(၁၅)ရက် မနက်ပိုင်းမှာတော့ ရွှေဘို - မြစ်ကြီးနား ကားလမ်းဘေး၊ ခင်ဦးနယ် တနေရာမှာ အလောင်းတွေ စွန့်ပစ် ထားတာကို တွေ့ရတာလို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ ဥပဒေမဲ့ အနိုင်ကျင့် ဖမ်းဆီး သ-တ်-ဖြတ်တာ ခံလိုက်ရတဲ့ လူငယ်တွေဟာ အပြစ်မဲ့ အရပ်သား ပြည်သူတွေ ဖြစ်ပြီး ရွှေတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်ကိုင်ဖို့ ရွှေဘို ကားကြီးကွင်းကို အသွား၊ ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး အနိုင်ကျင့် သ-တ်-ဖြတ်ခံလိုက် ရတာလို့ ဆိုပါတယ်။

“ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာမှ ရွှေတော အလုပ်လုပ်သွားမယ့် အပြစ်မဲ့ပြည်သူ ခုနှစ်ယောက်ဟာ သြဂုတ် (၁၄)ရက် မနက်ပိုင်းမှာ ရွှေဘိုကားကွင်းကို သွားခဲ့ရာ အမှတ်(၂)ရပ်ကွက်မှာ အကြမ်းဖမ်း စကစ၏ ဖမ်းဆီးခံခဲ့ရပြီး ရွှေဘိုလေ့ကျင့်ရေး(၈)မှာ တစ်ညတာ စစ်မေးခြင်း ပြုလုပ်ခဲ့ပြီးနောက် သြဂုတ်(၁၅)ရက်မှာ ခင်ဦးမြို့နယ် ရွာသာကျေးရွာ ဇရပ်အနီး ပစ်သတ်၍ ရုပ်အလောင်းများကို စွန့်ပစ်ထားခဲ့” လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်အုပ်စုရဲ့ အနိုင်ကျင့် ဖမ်းဆီး သ-တ်-ဖြတ်ခံရတဲ့ လူငယ်တွေဟာ ကိုမင်းညီ (၁၄-နှစ်)၊ ကိုဇော်ဟိန်း (၁၅-နှစ်)၊ ကိုကျော်သူဟိန်း (၁၉-နှစ်)၊ ကိုဖြိုးငွေစိုး (၁၉-နှစ်)၊ ကိုမင်းကို (၂၀-နှစ်)၊ ကိုနိုင်းနိုင်း (၂၂ - နှစ်) နှင့် ကိုသူရထွန်း (၂၁ -နှစ်)တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အဲ့ဒီ လူငယ် ခုနှစ်ဦးကို အနိုင်ကျင့် ဖမ်းဆီး သ-တ်-ဖြတ်ပြီးနောက် ရွှေဘို - မြစ်ကြီးနားလမ်း၊ ခင်ဦးမြို့နယ်ထဲမှာ အလောင်းတွေကို စွန့်ပစ်ထားခဲ့ကာ PDF တွေမို့ သ-တ်လိုက်တာလို့ သတင်းဖြန့်ပါတယ်။

စစ်အုပ်စုဟာ လူငယ်ခုနှစ်ဦးကို သ-တ်-ဖြတ်ပြီးနောက် အလောင်းတွေပေါ် သေနတ်တွေ တင်ကာ ဓာတ်ပုံ ရိုက်ပြီး ကင်းလှည့်ချိန်မှာ တွေ့တဲ့ PDF တွေကို သ-တ်လိုက်ပြီလို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။

ရွှေဘို၊ ခင်ဦးနယ်တကြော စစ်ကောင်စီ အကြမ်းဖက်သမားတွေ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သောင်းကျန်း နေတာကြောင့် ဒေသခံ ပြည်သူလူထုအနေနဲ့ အသွားအလာ ဆင်ခြင်ကြဖို့နှင့် စစ်ကောင်စီ အကြမ်းဖက်သမားတွေ မြင်တွေ့နိုင်မယ့် နေရာတွေကို မသွားလာကြဖို့ ဒေသခံ အချင်းချင်း သတိပေး နေပါတယ်။

စစ်အုပ်စုဟာ ဒေသခံပြည်သူတွေကို မကြာခဏ ဖမ်းဆီး သ-တ်-ဖြတ်နေပြီး ယခင်ကတော့ တစ်ဦးတည်း၊ နှစ်ဦးစ သွားလာနေသူတွေကို ပစ်မှတ်ထားကာ ဖမ်းဆီးငွေညှစ် သ-တ်-ဖြတ်လေ့ ရှိပေမယ့် လက်ရှိမှာတော့ ပိုမို အတင့်ရဲလာပြီး ထင်တိုင်းကျဲ သ-တ်-ဖြတ်နေတာလို့ ရွှေဘို ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ရွှေဘိုနယ် ဆိပ်ခွန်ရွာအနီး သွားလာနေတဲ့ လိုက်ထရပ် ကားတစ်စီးကို စစ်အုပ်စုက အနိုင်ကျင့် ငွေညှစ်ပြီးနောက် ကားပေါ်ပါသူတွေ ထဲက လူငယ် သုံးဦးကို ဆွဲချကာ မီးရှို့ သ-တ်-ဖြတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ခင်ဦး #လူငယ် #ဖမ်းဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ