ထိုင်ဝမ်ကို နန်စီပလိုစီ လာရောက်မှု မြန်မာပြည်က တရုတ်တွေကပါ ဒေါသထွက် ကန့်ကွက်တယ်လို့ တရုတ်မီဒီယာ ဖော်ပြ၊

ထိုင်ဝမ်ကို နန်စီပလိုစီ လာရောက်မှု မြန်မာပြည်က တရုတ်တွေကပါ ဒေါသထွက် ကန့်ကွက်တယ်လို့ တရုတ်မီဒီယာ ဖော်ပြ၊

MFP ၊ သြဂုတ် - ၃

အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ ထိုင်ဝမ်ကို လာရောက်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာပြည်ရောက် တရုတ်နွယ်ဖွားတွေကပါ “ပြင်းထန်စွာ အမျက်ဒေါသထွက်ပြီး အပြစ်တင်ရှုတ်ချ” တယ်လို့ တရုတ်အစိုးရရဲ့ ဝါဒဖြန့် မီဒီယာတစ်ခုဖြစ်တဲ့ CRI Myanmar (Chine Radio International) က ဖော်ပြပါတယ်။

သြဂုတ်(၂)ရက်က အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ထိုင်ဝမ်ကို လာရောက်တဲ့ ခရီးစဉ်နှင့် ပတ်သက်ပြီး “ယင်းသည် ပြည်တွင်းပြည်ပရှိ တရုတ်ပြည်သူများနှင့် တရုတ်အနွယ်ဖွားများ၏ ချစ်သံယောဇဉ်ကို ပြင်းထန်စွာ ထိခိုက်ပါသည်။ မြန်မာပြည်ရောက် တရုတ်အနွယ်ဖွားများသည် ယင်းကို ပြင်းထန်စွာ အမျက်ဒေါသထွက်ပြီး အပြစ်တင်ရှုတ်ချပါသည်” လို့ မြန်မာပြည်ရောက် တရုတ်အနွယ်ဖွားတွေက ကြေညာချက် ထုတ်ပြန်တယ်လို့ CRI က ဆိုပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဌရဲ့ ထိုင်ဝမ်ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ အာဏာသိမ်း စစ်အုပ်စုက တရုတ်အစိုးရဘက်က ရပ်တည်ကြောင်းနှင့် “တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေးမူဝါဒကို အစွမ်းကုန် ထောက်ခံအားပေးပြီး ထိုင်ဝမ်ဒေသသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ ခွဲ၍ မရသော အစိတ်အပိုင်း ဖြစ်ကြောင်း မြန်မာက ထပ်မံဖော်ပြပါသည်”လို့ ကြေညာချက် ထုတ်ပြန်ပြီး မိနစ်ပိုင်းအကြာမှာ မြန်မာပြည်ရောက် တရုတ်တွေကပါ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်တယ်လို့ တရုတ်မီဒီယာတွေက သတင်းဖြန့်လာတာ ဖြစ်ပါတယ်။

တရုတ် - မြန်မာ ချစ်ကြည်ရေးအသင်း အပါအဝင် တရုတ်- မြန်မာ ကုန်သည်အသင်း စတဲ့ အသင်းအဖွဲ့တွေမှာတော့ အဲ့ဒီ ကြေညာချက် ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ ဦးဆောင်တဲ့ အဖွဲ့ဟာ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကြားကပဲ သြဂုတ်(၂)ရက်ကနေ ဒီနေ့ သြဂုတ်(၃)ရက်အထိ ထိုင်ဝမ်ကို လာရောက်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ ခရီးစဉ်ဟာ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ တစ်ဦးရဲ့ နှစ်ပေါင်း (၂၅)နှစ်အတွင်း ထိုင်ဝမ်ကို ပထမဆုံးအကြိမ် လာရောက်တာ ဖြစ်တယ်လို့ အမေရိကန် အောက်လွှတ်တော်က ကြေညာထားပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီနှင့် ထိုင်ဝမ်သမ္မတ Tsai Ing-wen တို့ကို တွေ့ရစဉ်/Photo - House Speaker Nancy Pelosi FB

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တရုတ် #မြန်မာ #ထိုင်ဝမ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ