လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးတွေ ပညာသင်ကြားနိုင်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးတွေ ပညာသင်ကြားနိုင်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

MFP ၊ သြဂုတ် - ၂၇

စစ်ပွဲတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေသင့်ပါဘူး။ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေ အနေနဲ့ ပုံမှန် မဟုတ်တောင်မှ လက်လမ်းမီ သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ပညာ ဆက်လက် သင်ကြားခွင့် ရရှိသင့်တယ်လို့ နိုင်ငံတကာ ပညာရှင်တွေက အကြံပြု ကြပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေအတွင်းမှာတောင် ကလေးတွေကို ဘာကြောင့် ပညာဆက်လက် သင်ကြားသင့်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး Humaniun အဖွဲ့က အကြံပြုထားတဲ့ ဆောင်းပါးပါ အချက်အချို့ကို ဆီလျော်အောင် ကောက်နှုတ် ဖော်ပြ လိုက်ပါတယ်။ Humanium အဖွဲ့ဟာ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မူတွေ ပပျောက်စေရး ကမ္ဘာတစ်ဝှမ်းမှာ ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ အခြေစိုက်ပါတယ်။

ပညာသင်ကြားမှုက ကလေးသူငယ်တွေကို စိတ်ပိုင်းဆိုင်ရာ ကာကွယ်မူပေးနိုင်

စစ်ပွဲနှင့် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မိသားစုနဲ့ အချိန်ကြာမြင့်စွာ ခွဲခွာရတာ၊ မိဘဆွေမျိုးတွေ အပါအဝင် ရင်းနှီးကျွမ်းဝင်သူတွေ သေဆုံးတာ၊ စစ်မက်ရေးရာ ဖိအား အခြေအနေ စတဲ့ အချက်တွေက ကလေးငယ်တွေအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မူတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေအတွင်း ကလေးသူငယ် အများအပြားဟာ တိုက်ပွဲတွေနှင့်ထိတွေ့မှု၊ ပဋိပက္ခတွေမှာ ပါဝင်နေမှုတွေကြောင့် အကြမ်းဖက်မူတွေကို မျက်မြင် ဒါမှဟုတ် ကိုယ်တွေ့ ကြုံတွေ့ ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် ကလေးသူငယ်တွေအနေနဲ့ ဖမ်းဆီးခံရတာ၊ ပြန်ပေးဆွဲခံရတာ၊ နှိပ်စက်ခံရတာတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီအခြေအနေတွေက ကလေးတွေကို ထိခိုက်လွယ်စေပြီး မလုံခြုံမူတွေ ဖြစ်စေကာ စိုးရိမ်သောကတွေ။ အကြောက်တရားတွေ ရရှိစေတာပဲ ဖြစ်ပါတယ်။

ပညာသင်ကြားနိုင်မူ အခွင့်အလမ်းတွေက ကလေးတွေရဲ့ စိတ်ဒဏ်ရာ အမာရွတ်တွေကို လျော့ချ၊ အစားထိုးနိင်၊ မေ့ဖျောက်နိုင်စေနိုင်ပါတယ်။ ကလေးတွေက ဖွံဖြိုးတိုးတက်မူ လမ်းကြောင်းပေါ်မှာပဲ ရှိသေးတဲ့အတွက် ပညာ ဆက်လက် သင်ကြားခြင်းကသာ သူတို့ရဲ့ အရည်အသွေးတွေ တိုးတက်စေမှာပဲ ဖြစ်တယ်။ ကလေးတွေ ဖွံဖြိုးတိုးတက်စေဖို့က သူတို့ချည်း သက်သက် မရနိုင်ဘဲ မိဘနဲ့ ဆရာတွေက ပံ့ပိုးပေးရမှာပဲ ဖြစ်ပါတယ်။

အဓိကကျတဲ့ အချက်နှစ်ချက်ကို လိုက်နာအသုံးချခြင်းအားဖြင့် ပညာရေးက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမူကို တိုးမြင့်စေပါတယ်။ ပထမတစ်ချက်ကတော့ ကလေးတွေ ကြုံခဲ့ရတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေကြောင့် ရရှိလာတဲ့ စိတ်ပိုင်းဆိုင်ရာ အမာရွတ်တွေ မကြီးထွားလာစေဖို့ ပညာ ဆက်လက် သင်ကြားခြင်းကို ကာကွယ်ရေး နည်းလမ်းအဖြစ် အသုံးချရမှာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ စိတ်ဒဏ်ရာ ခံစားနေတဲ့ ကလေးတွေနဲ့ အထူးဂရုစိုက်မူ လိုအပ်နေတဲ့ ကလေးတွေအတွက် ပြန်လန်နလန်ထူရေး၊ အပြည်အ၀ ကုသနိုင်ရေးတို့အတွက် အာမခံချက်အဖြစ် ထောက်ပံ့ပေးရမှာပါ။

တချို့သော ဖြစ်စဉ်တွေမှာ မိဘတွေကိုယ်တိုင်က သူတို့ ကလေးတွေထက် ပိုမို ဆိုးရွာတဲ့ စိတ်ပိုင်းဆိုင်ရာ ကြုံတွေ့ ခံစားနေရတဲ့ အခြေအနေမျိုးရှိလို့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ဖြေရှင်းနိုင်ဖို့ အကူအညီ မပေးနိုင်ကြပါဘူး၊ တစ်ဖက်မှာလည်း ကလေးတွေအတွက် ရင်းနှီးတဲ့ ဆွေမျိုးသားချင်းတွေ မရှိနိုင်ပါဘူး၊ ဒါ့ကြောင့် ကလေးသူငယ်တွေဟာ ကောင်းစွာ လေ့ကျင့်သင်ကြားထားတဲ.့ဆရာတွေရဲ့ အကူအညီတွေကို လိုအပ်နေတတ်ပါတယ်။

ပညာရေးက လူမူရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်း တစ်ခုပါ

နိုင်ငံတစ်ခုမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားလာပြီဆိုပါက အဆုံးစွန်သော ဆင်းရဲမွဲတေမူတွေ၊ အစာရေစာ ပြတ်လပ်မူတွေကို လူအများအပြား ခံစားကြုံတွေ့ရတက်ပါတယ်။ အကျိုးဆက်အားဖြင့် မိသားစုတွေက သူတို့ရဲ့ ကလေးတွေအတွက် လိုအပ်ချက်တွေကို မဖြည့်ဆည်း ပေးနိုင်တော့တာကြောင့် ကလေးတွေအနေနဲံ အာဟာရမပြည့်ဝမူ၊ နာဖျားမကျန်းမာမူတွေကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် မိဘတွေအနေနဲ့ ပဋိပက္ခတွေကြောင့် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မူတွေ ခံစားရလေ့ ရှိတာကြောင့် ကလေးတွေကို ပုံမှအခြေအနေမှာလို စောင့်ရှောက်နိုင်မူ မရှိတော့ဘဲ ဂရုမစိုက်နိုင်တော့တာတွေ ဖြစ်တတ်ပါတယ်။ အဲ့လို အခြေအနေမှာ ကလေးတွေအနေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ မဆောင်ရွက်နိုင်တော့တဲ့ အရာတွေကို ကူညီပေးနိင်တဲ့ စာသင်ကျောင်း၊ ပညာသင်ကြားနိုင်တဲ့ နေရာတွေ လိုအပ်တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေ၊ အကြမ်းဖက်မူတွေကို တိုက်ရိုက်ထိတွေ့ခဲ့ဖူးတဲ့ ကလေးတွေအနေနဲ့ ပိုမိုဂရုစိုက်ပေးဖို့ လိုအပ်တတ်ပါတယ်။ သူတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေနဲ့ ပြန်လည်ထူထောင်ရေး စတာတွေကို လိုအပ်နေတာပဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေက သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ အထူးဂရုစိုက်မူတွေကို ကောင်းစွာ ထောက်ပံ့ပေးနိုင်ပါတယ်။

ဆိုခဲ့တဲ့အချက်တွေအပြင် ကလေးသူငယ်တွေ စာသင်ခန်းထဲမှာ ရှိနေပြီး ဆက်လက် ပညာသင်ကြားခြင်းက လက်နက်ကိုင်တွေရဲ့ စစ်သား စုဆောင်းခြင်းကနေ ကာကွယ် ပေးနိုင်တာကြောင့်လည်း ပညာရေးက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မူနှင့် အသက်တွေကို ကယ်ဆယ်နိုင်ဖို့ စွမ်းအားတစ်ခုလို့ ဆိုနိုင်ပါတယ်။ အလားတူ ပညာရေးဆိုတာ ပြည်တန်ဆာအဖြစ် အသုံးချခံရတာ၊ စောစီးစွာ ကိုယ်ဝန်ဆောင်ခြင်းနှင့် မူးယစ်စေတက်တဲ့ အရာတွေကို သုံးစွဲခြင်းတို့ကိုလည်း ကောင်းစွာ လျောကျစေနိုင်တာပဲ ဖြစ်ပါတယ်။

(ကိုးကား-The Importane of Children’s Right to Eduation in Armed Conflicts)

Photo – UNICEF

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးသူငယ် #ပညာရေး #စစ်ပွဲ #ပဋိပက္ခ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ