MFP၊ သြဂုတ် - ၁၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ဒီပဲယင်းနယ်စပ်၊ ဒီပဲယင်းမြိုနယ် အရှေ့တောင်ခြမ်းက အိမ်ခြေ (၄,၀၀၀)ကျော်ရှိတဲ့ မူးကမ်း-ဆူးတပ်ရွာကြီးကို စစ်ကောင်စီ အကြမ်းဖက်သမားတွေ သုံးရက်ကြာ ဝင်မွှေလုယက် ဓားပြတိုက်ပြီး နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်အား (၈၀)လောက်ရှိတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ မူးကမ်းကြီး ခေါ် မူးကမ်း-ဆူးတပ်ရွာကို သြဂုတ်(၈)ရက်ကနေ ဒီကနေ့အထိ သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး ဒီနေ့ နေ့လည်ပိုင်းမှာ ရွာထဲက ပြန်ထွက်သွားပြီ ဖြစ်ပေမယ့် ဒေသခံပြည်သူတွေ ရွာထဲ ပြန်မဝင်ရဲသေးလို့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇွန်လကလည်း မူးကမ်းကြီးရွာထဲ ပထမအကြိမ် ဝင်မွှေလုယက် မီးရှို့ခဲ့ပြီး အိမ်ခြေ(၁၆၀)ကျော် ပြာကျခဲ့ပါသေးတယ်။
စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ မူးကမ်းကြီးရွာကို မဝင်ခင် ဒီပဲယင်းနယ်ထဲ ရွာတွေဖြစ်တဲ့ ကိုင်းကန်၊ လျော်ဖြူ၊ ထန်းတပင်၊ အင်ပင်၊ တိုက်ရွာ စတဲ့ ကျေးရွာတွေကိုလည်း ဝင်မွှေလုယက် ဓားပြတိုက်ကာ မီးရှိဖျက်ဆီးခဲ့ပြီး သြဂုတ် (၈)ရက် မနက်ပိုင်းမှာ မူးကမ်းကြီးရွာကို စတင်ဝင်ရောက် သောင်းကျန်းတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ဒီပဲယင်းနယ် လျှော်ဖြူရွာက (၁၄)ဦး၊ နဂါးဗိုလ်ရွာက (၁၂)ဦး၊ အင်ပင်ရွာက ကိုးဦး၊ ယခင် ခေါ် ရွာဒင်ကြီးရွာက နှစ်ဦး၊ ဘုရားထွက်၊ ကိုင်းကံနဲ့ မြင်းတန့်ရွာက တစ်ဦးစီနှင့် မူးကမ်းကြီးရွာက ပြည်သူတချို့ကို ဖမ်းဆီးထားကာ ဓားစာခံ လူသားဒိုင်းအဖြစ် ကာပြီး ဒီပဲယင်းနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ မူးကမ်းကြီးရွာထဲ ဝင်မွှေလုယက် မီးရှို့ရာမှာတော့ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းထားသူတွေကို စစ်ဝတ်စုံတွေ ဝတ်ခိုင်းကာ ခိုးရာပါ ပစ္စည်းတွေ သယ်ပိုးခိုင်းတာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
လက်နက်အားကိုးနှင့် ဒီပဲယင်းနယ်ထဲ ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက် သမားတွေဟာ ဇူလိုင်(၁၇)ရက်ကတည်းက ခင်ဦး၊ ရေဦးနှင့် ကန့်ဘလူနယ်တွေထဲ ရဟတ်ယာဉ်တွေနဲ့ ရောက်လာပြီး ရွာစဉ်ပတ်မွှေကာ လုယက် သောင်းကျန်း သ-တ်-ဖြတ်နေတာ ဖြစ်ပြီး အဲ့ဒီကတဆင့် ဒီပဲယင်းနယ် အနောက်ခြမ်းကို ဆက်မွှေ သောင်းကျန်းခဲ့ပါတယ်။ သြဂုတ်(၄)ရက်မှာ ဒီပဲယင်းနယ် အနောက်ခြမ်းကနေ ဒီပဲယင်းနယ် အရှေ့ခြမ်းက ကိုင်းကံရွာထဲ ရဟတ်ယာဉ်တွေနဲ့ ရွှေ့ပြောင်းရောက်ရှိလာပြီး လက်ရှိအချိန်ထိ ဒီပဲယင်းနယ် အရှေ့ခြမ်းက ရွာတွေထဲ ထင်တိုင်းကျဲ လုယက် သောင်းကျန်း သ-တ်-ဖြတ်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကနေ ယခု သြဂုတ်လအထိ တစ်နှစ်ကျော်အတွင်း ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးတဲ့ ကျေးရွာ (၃၀)ကျော် ရှိပြီး ပြည်သူ့နေအိမ် (၁၀၀၀)ဝန်းကျင် မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ဒီပဲယင်း ညီနောင်များအဖွဲ့က ဖော်ပြထားပါတယ်။
ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာက နေအိမ်တွေ၊ ဈေးဆိုင်တွေကို စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဝင်မွှေ လုယက် မီးရှို့ဖျက်ဆီးသွားစဉ်/Photo – ပကဖ
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #မူးကမ်းကြီး #ဆူးတပ် #အိမ် #မီးရှို့