ရေစကြိုမှာ မိုင်းအတုဆင်ပြီး မိုင်းအစစ်နဲ့ ဖောက်ခွဲတိုက်ခိုက်၊ စကစ သုံးယောက် ထိဟုဆို၊

ရေစကြိုမှာ မိုင်းအတုဆင်ပြီး မိုင်းအစစ်နဲ့ ဖောက်ခွဲတိုက်ခိုက်၊ စကစ သုံးယောက် ထိဟုဆို၊

MFP ၊ သြဂုတ် - ၁

မကွေးတိုင်း ရေစကြိုနယ် ကျောက်လှေခါးရွာအနီးမှာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို ဒီနေ့ မနက်ပိုင်း မိုင်းအတုဆင်ကာ မျှားခေါ်ပြီး မိုင်းအစစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ Yesagyo Revolution Group – YRG က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၁)ရက် မနက်(၁၁)နာရီခွဲက ရေစကြိုမြို့နယ် ကျောက်လှေခါးရွာအနီးမှာ လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြဆက်ကြေးတောင်း၊ ငွေညှစ်နေတဲ့ စစ်အုပ်စုကို မိုင်းအတုတစ်လုံး ဟန်ပြထားပြီး စစ်အုပ်စုတွေ လာရောက်ဖျက်ဆီးချိန် မိုင်းအစစ်နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“လမ်းမ ပေါ်တွင် မိုင်းအတု တစ်လုံးကို ထားခဲ့ပါသည်။ ရှေ့ထွက်မိုင်းအစစ် အသေးစားကိုတော့ လမ်းကြား တစ်နေရာတွင် အရန်သင့် ထောင်ထားခဲ့ပါသည်။ ညနေ (၃) နာရီခွဲအချိန် အရောက်တွင် GTC မှ စခများသည် မိုင်းအတုကို သေနတ်ဖြင့် အချက်ပေါင်း (၅၀)နီးပါး လာရောက်ပစ်ခတ်ခဲ့ ကြပါသည်။ မိုင်းအတုမှန်း သိ၍ ပစ်ခတ်ပြီး အပြန် မိုင်းအစစ်နား အရောက်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စခ သုံးကောင် ဒဏ်ရာရရှိသွားကြောင်း သိရှိရပါသည်။ အဆိုပါ ရှေ့ထွက်မိုင်း အသေးစားသည် ဖြတ်သွားဖြတ်လာ ပြည်သူများနှင် အလွန်ပင် နီးကပ်သွားသောကြောင့် စခ Target ကို အနည်းငယ်လွဲပြီး ဖောက်ခွဲလိုက်ရသောကြောင့် စခများ ပွဲချင်းပြီး မသေဆုံး လိုက်ရခြင်း ဖြစ်ပါသည်။ သို့သော် ဒဏ်ရာရ စခများကို ပခန်းကြီးဆေးရုံသို့ ပို့ဆောင်ကြောင်း ထပ်မှန်သိရှိရပါသည်” လို့ YRG က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို Yesagyo Revolution Group – YRG နှင့် မဟာမိတ်ညီနောင် အဖွဲ့တွေ ဖြစ်တဲ့ Urban Underground Revolution Force -UURF ၊ Shwe Nyar Myae - PDF နှင့် Zarmani Blood Guerilla Army - Myaing အဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းဖိုး လှူဒါန်းပေးကြဖို့လည်း YRG က အလှူခံထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #YRG #PDF #မိုင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ