ကျွန်းလှတိုက်ပွဲ ဖက်ဆစ်တပ်သား(၃၀) သေပြီး RPG အပါအဝင် လက်နက်(၂၄)လက် ရရှိ၊ ဖက်ဆစ်တပ်က ရဟတ်ယာဉ် သာမက တိုက်လေယာဉ်နဲပါ ဗုံးကျဲနေဟုဆို၊

ကျွန်းလှတိုက်ပွဲ ဖက်ဆစ်တပ်သား(၃၀) သေပြီး RPG အပါအဝင် လက်နက်(၂၄)လက် ရရှိ၊ ဖက်ဆစ်တပ်က ရဟတ်ယာဉ် သာမက တိုက်လေယာဉ်နဲပါ ဗုံးကျဲနေဟုဆို၊

MFP၊ သြဂုတ် - ၂၃



စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ကျွန်းလှနယ်မြို့နယ် မြောက်ခြမ်းက ညောင်းကုန်းရွာကို ဝင်မွှေလုယက် မီးရှိဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ အင်အား(၆၀)ကျော်ပါ ဖက်ဆစ်တပ်ကို ဒီမနက်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်သား (၃၀)ဝန်းကျင် သေပြီး လက်နက်(၂၄)လက်နှင့် ကျည်ဆံတွေ သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။



ဒီကနေ့ သြဂုတ်(၂၃)ရက် မနက်(၉)နာရီကျော်က ရွာမီးရှို့ပြီး ပြန်ထွက်လာတဲ့ ဖက်ဆစ်တပ်ကို ကျွန်းလှ၊ ကန့်ဘလူနှင့် ကောလင်းနယ်စပ်၊ အောင်ချမ်းသာရွာနှင့် လက်ခုပ္ပင်ရွာကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲတွေက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် သုံးနာရီကျော် ကြာမြင့်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲက MFP ကို ပြောပါတယ်။



အဲ့ဒီ တိုက်ပွဲမှာ ဖက်ဆစ်တပ်သား (၃၀)ခန့် သေပြီး လက်နက်ငယ် (၁၉)လက်၊ (၆၀ မမ) နှစ်လက်၊ ငါးကြင်းမြီး နှစ်လက်၊ RPG တစ်လက်နှင့် (၆၀ မမ) ကျည်တွေ အပါအဝင် ကျည်ဆံအများအပြား သိမ်းဆည်း ရရှိခဲ့တာလို့ မြေပြင်တော်လှန်ရေး အဖွဲအစည်းတွေရဲ့ ပြောဆိုမှုတွေကို ကိုးကားပြီး ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲက MFP ကို ပြောပါတယ်။



အဲ့ဒီ တိုက်ခိုက်မှုကို ဒေါင်းနီ (ကောလင်း ပ.က.ဖ) အဖွဲ့၊ နဂါးနီ (ကောလင်း ပ.က.ဖ)အဖွဲ့၊ ကန့်ဘလူခရိုင် တပ်ရင်း(၁)၊ တပ်ရင်း(၂)နှင့် ကန့်ဘလူနယ်က ဒေသကာကွယ်ရေး အဖွဲတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။



တိုက်ပွဲမှာ အထိနာသွားတဲ့ ဖက်ဆစ်တပ်ဟာ နေ့လည် (၁၂)နာရီကျော်မှာ ဖက်ဆစ်တပ်သား အင်အား(၅၀)ခန့်ကို (Mi-17) ရဟတ်ယာဉ်တစ်စီးနဲ့ နှစ်ခေါက်ပြန်ကာ စစ်ကူလာပို့သလို (Mi-35)ရဟတ်ယာဉ်နဲ့ နှစ်ကြိမ်၊ ဂျက်ဖိုက်တာ (YAK-130) တစ်စီးနဲ့ တစ်ကြိမ်၊ စုစုပေါင်း လေကြောင်းပစ်ခတ်မှု သုံးကြိမ် ပြုလုပ်ခဲ့တယ်လို ဆိုပါတယ်။



"သုံးခေါက်မြောက်က (Mi-35) (ရဟတ်ယာဉ်)နဲ့ မဟုတ်ဘဲ တိုက်လေယာဉ်နဲ့ ပစ်သွားတယ်" လို့ ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က MFP ကို ပြောပါတယ်။



ဖက်ဆစ်တပ်က လေကြောင်းသုံးပြီး စစ်ကူလာချပေးတဲ့ အင်အား(၅၀)လောက်ဟာ လက်ရှိမှာ အောင်ချမ်းသာရွာနှင့် လခုပ္ပင်ရွာတွေနား ရှိနေသေးပြီး တန့်ဆည်နယ် နဘတ်ကျင်းရွာဘက်မှာ ရှိနေတဲ့ ဖက်ဆစ်တပ်အတွက် စစ်ကူအဖြစ် လာပို့တာလို့ အကြမ်းဖျဉ်း သိရတဲ့အကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲက ဆိုပါတယ်။



ဒီနေ့ တိုက်ပွဲတွေ ဖြစ်ပြီး လေကြောင်းကနေ ပစ်ခတ်ခံရတဲ့ ကျေးရွာတွေဟာ ကျွန်းလှ၊ ကန့်ဘလူနှင့် ကောလင်း သုံးမြိုနယ် အစပ်ဖြစ်ပြီး အောင်ချမ်းသာရွာက ကောလင်းနယ်ထဲပါပြီး လက်ခုပ္ပင်ရွာက ကန့်ဘလူနယ်ထဲက ဖြစ်ကြောင်း၊ ဖက်ဆစ်တပ်က မီးရှိဖျက်ဆီးခဲ့တဲ့ ညောင်ကုန်းရွာက ကျွန်းလှနယ်ထဲက ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။



ဖက်ဆစ်တပ်ဟာ သြဂုတ် (၂၂)ရက် မနေ့ကတည်းက ညောင်းကုန်းရွာထဲ ဝင်မွှေလုယက် သောင်းကျန်း မီးရှို့နေတာ ဖြစ်ပြီး ဖက်ဆစ်တပ်က မီးရှို့လို့ ညောင်ကုန်းရွာက နေအိမ်အလုံး (၃၀)ကျော် မီးလောင် ပြာကျခဲ့တယ်လို့ ဆိုပါတယ်။



ပြီးခဲ့တဲ့ သြဂုတ်(၁၅)ရက်က ဖြစ်ပွားခဲ့တဲ့ ပင်လည်ဘူး တိုက်ပွဲမှာ ဖက်ဆစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့စဉ်/Photo – CJ



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ကန့်ဘလူ #ကျွန်းလှ #ကောလင်း #တိုက်ပွဲ #PDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ