ရဟတ်ယာဉ်လေးစီးနဲ့ ပစ်ခတ်ပြီးနောက် ဒီပဲယင်း လက်ယက်ကုန်းရွာကို စစ်အုပ်စု ဝင်မွှေသောင်းကျန်းနေ၊ ပြည်သူတချို့ ပိတ်မိနေဟုဆို၊

ရဟတ်ယာဉ်လေးစီးနဲ့ ပစ်ခတ်ပြီးနောက် ဒီပဲယင်း လက်ယက်ကုန်းရွာကို စစ်အုပ်စု ဝင်မွှေသောင်းကျန်းနေ၊ ပြည်သူတချို့ ပိတ်မိနေဟုဆို၊

MFP ၊ စက်တင်ဘာ - ၁၆

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက လက်ယက်ကုန်း၊ ညောင်လှ၊ မူးခတွင်း၊ သစ်တုံ၊ မရကန် စတဲ့ ရွာတွေကို ဒီနေ့လည်ပိုင်း ရဟတ်ယာဉ်လေးစီးနဲ့ နာရီဝက်ကျော်ကြာ လာရောက် ပစ်ခတ်ခဲ့တဲ့ စစ်အုပ်စုဟာ လက်ရှိမှာ လက်ယက်ကုန်းရွာထဲ ဝင်မွှေလုယက် သောင်းကျန်းနေပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၆)ရက် နေ့လည်(၁)နာရီမှာ ရုတ်တရက်ဆိုသလို စစ်အုပ်စုက မုံရွာ နမခထဲကနေ ရဟတ်ယာဉ် လေးစီးနဲ့ တက်လာပြီး ဒီပဲယင်းနယ် အရှေ့ခြမ်း ရွာတွေက ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းအား ရဟာတ်ယာဉ် များဖြင့် ဝေဟင်မှ ဝင်ရောက် ပစ်ခတ်ပြီး မူးခံတွင်း၊ ညောင်လှအကြား ညှောင်လှ မူးဘောင်အနီးမှာ စစ်ခွေး တစ်သိုက်ကို ချထားခဲ့သည်။ အဆိုပါ စစ်ခွေးများသည် လက်ယက်ကုန်း ကျေးရွာသို့ ဝင်ရောက် နေပြီ ဖြစ်ကြောင်း သိရသည်။ စစ်ဘေးရှောင် ကျေးရွာများကို နီးစပ်ရာ ကျေးရွာများမှ ကူညီစောင့်ရှောက် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” လို့ ဒီပဲယင်းနယ်ထဲ စစ်ပြေးပြည်သူတွေကို ကူညီပေးနေတဲ့ ဒီပဲယင်း ညီနောင်များအဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ဒီနေ့ နေ့လည်(၁)နာရီက စတင်ပြီး (Mi-35) ရဟတ်ယာဉ် နှစ်စီး၊ ရိုးရိုး ရဟတ်ယာဉ်နှစ်စီးနဲ့ နာရီဝက်ကျော်ကြာ လှည့်လည် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ညောင်လှ မဲအိုး လျက်ကုန်း အပေါ်ကနေ နှစ်စီးက လူတွေချပြီး နှစ်စီးက ပစ်နေတယ်။ ရွာသားတွေ ပြေနေရတာ။ လက်ယက်ကုန်း ညောင်ကြီးကုန်း ဘက်မှာ ပြည်သူတွေ ထွက်မရဘဲ ပိတ်မိနေသူတွေလည်း ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေ ဝရုန်းသုန်းကား ထွက်ပြေးနေရဆဲမို့ အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ဒီပဲယင်း အပါအဝင် စစ်ကိုင်းတိုင်းထဲ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ လုယက် သောင်းကျန်းကာ ဒေသခံပြည်သူတွေကို အကြမ်းဖက် သ-တ်-ဖြတ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီပဲယင်းနယ်ထဲ စစ်အုပ်စု ဝင်မွှေအကြမ်းဖက် သောင်းကျန်းလို့ ထွက်ပြေးနေရတဲ့ ပြည်သူတချို့/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #ညောင်လှ #ရဟတ်ယာဉ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ