ပုလဲနှင့် မြိုင်နယ်စပ် တိုက်ပွဲတွေမှာ နှစ်ဖက်ကျဆုံးမှု များပြား၊ ဖက်ဆစ်တပ်သား (၁၀)ကျော် သေပြီး ပြည်သူ့ရဲဘော် ခြောက်ဦး ကျကာ ခုနစ်ဦး ဒဏ်ရာရ၊

ပုလဲနှင့် မြိုင်နယ်စပ် တိုက်ပွဲတွေမှာ နှစ်ဖက်ကျဆုံးမှု များပြား၊ ဖက်ဆစ်တပ်သား (၁၀)ကျော် သေပြီး ပြည်သူ့ရဲဘော် ခြောက်ဦး ကျကာ ခုနစ်ဦး ဒဏ်ရာရ၊

MFP၊ သြဂုတ် - ၂၄



ရဟတ်ယာဉ်တွေနဲ့ ချထားပေးပြီး စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် မကွေးတိုင်း မြိုင်နယ်အစပ်က ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းနေတဲ့ အင်အား (၁၀၀)ကျော်ပါ ဖက်ဆစ်တပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိအခိုက် အကျအဆုံး များပြားတယ်လို့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ် (ဌာနချုပ်) က သတင်း ထုတ်ပြန်ပါတယ်။



သြဂုတ်(၂၂)နှင့် (၂၃)ရက်က ပုလဲနှင့် မြိုင်နယ်အစပ်မှာ ဖက်ဆစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်တွေ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဖက်ဆစ်တပ်သား (၁၃)ယောက်ထက်မနည်း သေသလို ပြည်သူ့ရဲဘော် ခြောက်ဦး ကျဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။



မကွေး ပေါက်နယ်ထဲ ထင်တိုင်းကျဲ သောင်းကျန်းပြီးနောက် သြဂုတ် (၂၀)ရက်မှာ ရဟတ်ယာဉ်နှစ်စင်းနဲ့ ပုလဲနယ်ထဲ ဝင်လာတဲ့ ဖက်ဆစ်တပ်ဟာ အင်အား ဖြန့်ခွဲပြီးနောက် ပုလဲနယ်က လယ်ဓမ္မ၊ ထန်းကင်းကြီး၊ ပေပင်နဲ့ မြိုင်နယ် ငါးမြောင်းကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်း မီးရှို့ သ-တ်-ဖြတ်နေလို့ ဒေသကာကွယ်ရေး တပ်တွေက ခုခံတိုက်ခိုက်ရာကနေ နှစ်ရက်ဆက် တိုက်ပွဲ ပြင်းထန်းခဲ့တာလို့ ပုလဲ PDF (ဌာနချုပ်) က ဖော်ပြပါတယ်။



ပထမနေ့ တိုက်ပွဲအဖြစ် သြဂုတ်(၂၂)ရက် ညနေပိုင်းက မြိုင်နယ် သဒွတ်ကျေးရွာ အနောက်ဘက် လုယက်သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို ပုလဲ PDF (ဌာနချုပ်)(ပုလဲတပ်ရင်း-၂)၊ ပုလဲတပ်ရင်း(၁)၊ ပုလဲတပ်ရင်း(၆)၊ God Of Myaing ၊ Myaing Hero Generation ၊ စကားပြောက်ကျားတပ်ဖွဲ၊ 7 Star နှင့် ဒေသခံ PDF တွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။



"ပြောက်ကျားကြီး ခြုံခိုတိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပါတယ်။ ဖြစ်ပွားချိန် နာရီဝက်ခန့် ကြာမြင့်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ရှစ်ဦး ထက်မနည်း ကျဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်" လို့ ပုလဲ PDF (ဌာနချုပ်)က ဖော်ပြပါတယ်။



ပထမနေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဖက်ဆစ်တပ်ဟာ သဒွတ်ရွာထဲ ဝင်မွှေလုယက် သောင်းကျန်းခဲ့ပြီး အိမ်ခြေ (၁၀၀)ကျင်ရှိတဲ့ သဒွတ်ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပုလဲ PDF (ဌာနချုပ်) တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။



နောက်တစ်နေ့ သြဂုတ်(၂၃)ရက် မနက်ပိုင်းမှာ သဒွတ်ရွာထဲ မီးရှိဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ ဖက်ဆစ်တပ်နှင့် ပုလဲ PDF (ဌာနချပ်) (ပုလဲတပ်ရင်း ၂ )၊ ပုလဲတပ်ရင်း(၁)၊ ပုလဲတပ်ရင်း(၆)၊ God Of Myaing ၊ Myaing Hero Generation ၊ စကားပြောက်ကျားတပ်ဖွဲ၊ People Revolution Army နှင့် ဒေသကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတွေက ဆက်လက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။



အဲဒီတိုက်ပွဲမှာ ဖက်ဆစ်တပ်သား ငါးယောက်ထက်မနည်း သေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေဘက်က ခြောက်ဦးကျဆုံးကာ ခုနစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို ဆိုပါတယ်။



"သဒွတ်က ထွက်လာတဲ့ စစ်ကြောင်းကို မနက်(၁၀)နာရီ (၄၅)လောက်က စပြီး တိုက်ခိုက်တာဟာ အဲဒီနေ့က ကျနော်တို့ ဘက်ကလည်း ရဲဘော်တွေ အကျအဆုံး ရှိခဲ့တော့ ရုပ်အလောင်းတွေ ပြန်သယ်ထုတ်တာနဲ့ ဘာနဲ့ဆိုတော့ ညနေ(၃)နာရီခွဲလောက်ထိ ကြာသွားတယ်" လို့ ပုလဲ PDF (ဌာနချုပ်)တပ်ဖွဲ့ဝင် ရဲဘော်က ပြောပါတယ်။



ဖက်ဆစ်တပ်ဟာ သဒွတ်ရွာကနေ မြိုင်နယ် ဗဟင်းရဲစခန်းထဲ ညအိပ်ခဲ့ပြီး ဒီကနေ့ သြဂုတ် (၂၄)ရက် မနက်ပိုင်းမှာ ဗဟင်းက ထွက်လာနေပေမယ့် ဘယ်ကို ဦးတည်မယ်ဆိုတာ မသိရသေးဘူးလို အထက်ပါ ရဲဘော်က ရှင်းပြပါတယ်။



လက်ရှိမှာ ဖက်ဆစ်တပ်က မီးရှို့ဖျက်ဆီး သောင်းကျန်းနေလို့ သဒွတ်နှင့် ပေါက်ခေါင်းရွာတွေက နေအိမ်တွေ မီးလောင်ပြာကျခဲ့သလို အနီးဝန်းကျင် ကျေးရွာတွေက ရာထောင်ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲ #မကွေး #မြိုင် #ပြည်သူ #တိုက်ပွဲ #PDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ