မန္တလေးမှာ အရက်ဝယ်နေတဲ့ နယ်ထိန်းကို ရှင်းလင်းမှု ခြောက်လုံးပြူးသေနတ် သိမ်းဆည်း ရရှိဟု MDY-PDF ထုတ်ပြန်

မန္တလေးမှာ အရက်ဝယ်နေတဲ့ နယ်ထိန်းကို ရှင်းလင်းမှု ခြောက်လုံးပြူးသေနတ် သိမ်းဆည်း ရရှိဟု MDY-PDF ထုတ်ပြန်

MFP ၊ စက်တင်ဘာ - ၁၄

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးအနီးက စတိုးဆိုင်တစ်ခုမှာ အရက်လာဝယ်တဲ့ အမှတ်(၁၀) ရဲစခန်းက နယ်ထိန်း ရခိုင်ကြီးဆိုသူကို စက်တင်ဘာလ (၈)ရက်မှာ ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က သတင်းထုတ်ပြန်ပါတယ်။

သေနတ်နဲ့ သုံးချက်ပစ်ခတ် ရှင်းလင်းခဲ့တာကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သူ့ဆီက Webley Gun(ခြောက်လုံးပြူး)တစ်လက်၊ ကျည် (၁၂) တောင့်၊ အမျိုးသမီးယာဉ်မောင်းလိုင်စင်တစ်ခု၊ စကားပြောစက်တစ်လုံး၊ ဘေးလွယ်အိတ်တစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ လက်ထိပ်နှစ်စုံနဲ့ ဖုန်းစာအုပ်နှစ်အုပ်နဲ့ အချက်အလက်အချို့ကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်ပြီးတဲ့နောက် ရဲဘော်တွေ လုံခြုံစိတ်ချရတဲ့နေရာကို ရောက်ရှိနေပြီဖြစ်ပေမယ့် စစ်အုပ်စုဘက်ကတော့ အဲဒီနေရာဝန်းကျင်မှာ CCTV တွေကို လိုက်လံစစ်ဆေးတာနဲ့ ရမ်းသမ်းဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ MDY-PDF တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

“ ကျွန်တော်တို့ရဲ့ ပေ့ချ်က ရပို့မိနေတာကြောင့် ပို့စ်တင်လို့မရတဲ့အတွက် သတင်းမထုတ်ပြန်ဘဲထားတာ၊ ဒါပေမယ့် မထုတ်ပြန်ရင် ပိုဆိုးလာမှာစိုးလို့ပါ၊ အဲဒီနေရာဝန်းကျင်ကို စစ်အုပ်စုက ရမ်းသမ်းဖမ်းဆီးတာတွေ လုပ်နေပြီး လက်လွန်ကာ စစ်ကိုင်း-မန္တလေး ကမ်းနားလမ်းမှာ အလောင်းစွန့်ပစ်တာမျိုးတွေ ဖြစ်လာတယ်၊ ဒါ ကျွန်တော်တို့ကြောင့်ဖြစ်ရတယ်လို့ ထင်ပြီး လိပ်ပြာမလုံပါဘူး၊ ကျွန်တော်တို့ကြောင့် ပြည်သူကို ဒုက္ခမရောက်စေချင်ဘူး “ လို့ သူက ရှင်းပြပါတယ်။

သေဆုံးတဲ့နယ်ထိန်းဟာ ရခိုင်ကြီး(ခ) ရဲတပ်ကြပ် အောင်ညွန့်ဖြစ်ပြီး ဝမ်းဗိုက်ထိမှန်ဒဏ်ရာ၊ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာ၊ ဝဲရင်အုံ ကျည်ထိမှန်ဒဏ်ရာတို့နဲ့ ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ စစ်အုပ်စုဘက်က သတင်းဖြန့်ထားပါတယ်။

MDY-PDF ရဲ့ Facebook Page ဟာ လက်ရှိမှာ ပို့စ်တင်လို့ မရသေးတဲ့အတွက် သတင်းထုတ်ပြန်မှုတွေကို PEOPLE’S DEFENSE FORCE MANDALAY (မန္တလေးခရိုင် တပ်ရင်း - ၃) နာမည်နဲ့ တယ်လီဂရမ်မှာ ဖော်ပြပေးသွားမှာဖြစ်တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နယ်ထိန်း #အရက်ဝယ်နေချိန် #ပစ်ခတ်ခံရ #MDY_PDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ