ကလေးငယ်(၆၀)ကျော် ရှိနေတဲ့ ကျောင်းကို စစ်အုပ်စုက ရဟတ်ယာဉ်၊ လက်နက်ကြီးတွေနှင့် တစ်နာရီကြာ ပစ်ခတ်၊ ကလေးတွေကို ဓားစာခံအဖြစ် နှစ်ရက်နဲ့တစ်ည ဖမ်းဆီးပြီး အပြင်ထွက်ခွင့်မပေး၊

ကလေးငယ်(၆၀)ကျော် ရှိနေတဲ့ ကျောင်းကို စစ်အုပ်စုက ရဟတ်ယာဉ်၊ လက်နက်ကြီးတွေနှင့် တစ်နာရီကြာ ပစ်ခတ်၊ ကလေးတွေကို ဓားစာခံအဖြစ် နှစ်ရက်နဲ့တစ်ည ဖမ်းဆီးပြီး အပြင်ထွက်ခွင့်မပေး၊

MFP ၊ သြဂုတ် - ၄

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ပံကျင်ရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်း သတ်-ဖြတ်တဲ့ စစ်အုပ်စုဟာ ကလေးသူငယ် (၆၀)ကျော် စာသင်နေတဲ့ ကျောင်းကို ရဟတ်ယာဉ် ငါးစီးနှင့်ရော မြေပြင်ကပါ တစ်နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ သြဂုတ်(၁)ရက် မနက်ပိုင်းမှာ မြင်းမူမြို့နယ်၊ လက်ပန်ကျင်းကျေးရွာကို ရဟတ်ယာဉ်ငါးစီးနဲ့ တစ်နာရီကျော်ကြာ ပစ်ခတ်ခဲ့သလို ကျေးရွာပတ်ပတ်လည်မှာ ရဟတ်ယာဉ်သုံးစီးနဲ့ စကစ(၅၀)လောက် ချထားပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်ပြီး ကျေးရွာကို စီးနင်းခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ လက်ပံကျင်းရွာထဲ ပစ်ခတ်စီးနင်းရာမှာ ကလေးသူငယ်တွေ ရှိနေတဲ့ စာသင်ကျောင်းကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ကျောင်းထဲမှာ ရှိနေတဲ့ ကလေးငယ်နှင့် ဆရာ၊ဆရာမတွေကိုလည်း သူတို့ ရွာက ပြန်မထွက်မချင်း နှစ်ရက်နဲ့ တစ်ညကြာ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကလေးတွေက မူလတန်းကလေးတွေပါ။ (၆၀)ကျော်တယ်။ ခွေးတွေက ကျောင်းကို ပစ်ခတ်ပြီး ကလေးတွေရော၊ ဆရာ၊ဆရာမ တွေကိုရော အားလုံးကို ဖမ်းတာ။ ကလေးတွေဆိုတော့ မနှိပ်စက်ဘူးတဲ့။ ဒါပေမယ့် သူတို့မပြန်မချင်း အပြင်မထွက်ရဘူးတဲ့” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

May be an image of outdoors

စစ်အုပ်စုဟာ လက်ပံကျင်းရွာကို သြဂုတ်(၁)ရက်ကနေ (၂)ရက်အထိ စီးနင်းခဲ့တာဖြစ်ပြီး ကလေးငယ်တွေ အပါအဝင် လွတ်အောင်မပြေးနိုင်တဲ့ အမျိုးသမီး (၇၀)ကျော်နှင့် အမျိုးသား (၄၀)ကျော်ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲက ဒေသခံတချို့ကို သတ်-ဖြတ်ခဲ့ပါတယ်။

May be an image of outdoors

May be an image of tree and outdoors

စစ်အုပ်စုဟာ လက်ပံကျင်းရွာကို စီးနင်းထားချိန် တစ်အိမ်တက်ဆင်း မွှေနှောက်ဖောက်ထွင်းခိုးယူခဲ့ပြီး သြဂုတ်(၂)ရက် နေ့လည်ပိုင်းအချိန် ရွာထဲက ပြန်ထွက်သွားရာမှာလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူတွေထဲက အမျိုးသား(၁၅)ဦးခန့်ကို စစ်ဝတ်စုံ ဝတ်ခိုင်းပြီး ပစ္စည်းတွေ ထမ်းပိုးခိုင်းကာ ဓားစာခံ လူသားဒိုင်းအဖြစ် ဆက်လက်ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရွာထဲက ပြန်ထွက်သွားလို့ နောက်တနေ့မှာ ဒေသခံတချို့ ရွာထဲ ပြန်ဝင်ကြည့်ချိန် သတ်-ဖြတ်ခ့ထားရတဲ့ အလောင်းတချို့ တွေ့ရသလို စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဓမ္မာရုံနှင့် သာသာနိက အဆောက်အအုံတွေ ဖျက်ဆီးခံထားရတာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျေးရွာ စာသင်ကျောင်းဝင်း အတွင်းမှာ Kg တန်းကလေးများ ကျောင်းသား/ ကျောင်းသူများ ဆရာ၊ဆရာမများ နဲ့ ကျေးရွာအတွင်းနေ ပြည်သူ(၁၀၀)ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါတယ်။ ကျေးရွာ စာသင်ကျောင်း၊ ဓမ္မာရုံနဲ့ ကျေးရွာ ဆေးပေးခန်းတို့ကိုလည်း ပစ်ခတ်ဖျက်ဆီး ထားခဲ့ပါတယ်။ ကျေးရွာအတွင်းမှ ကား၊ ဆိုင်ကယ်တွေကိုလည်း ပစ်ခတ်ဖျက်ဆီး မီးရှို့ခဲ့တာတွေ၊ ကျေးရွာနေအိမ်တွေကို ပစ်ခတ်ဖျက်ဆီးတာတွေ မွှေနောက်ခိုးယူတာတွေ ပြုလုပ်ခဲ့ ပါတယ်” လို့ သြဂုတ်(၃)ရက်မှာ လက်ပံကျင်ရွာထဲ သွားရောက်ကြည့်ရှု့ခဲ့တဲ့ မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့က ဖော်ပြပါတယ်။

May be an image of tree and outdoors

May be an image of tree and outdoors

စစ်အုပ်စု ထင်တိုင်းကျဲ သောင်းကျန်းသွားလို့ ဒေသခ့တွေ ကြောက်လန့်နေကြပြီး .ယနေ့အထိ ရွာထဲ ပြန်မဝင်ရဲ ကြသေးဘူးလို့ မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့က ဖော်ပြပါတယ်။

“အကြမ်းဖက် စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်းမှ အရာတော်နယ်အစပ်ဘက်သို့ ထွက်သွားခဲ့ပြီး ဓားစာခံ အမျိုးသား(၁၅)ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ (ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါ)။ လွတ်မြောက်လာတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုများ၊ အမျိုးသား အမျိုးသမီးများကို ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့ပါတယ်။ သြဂုတ်(၃)ရက် နံနက်ပိုင်းမှာ ကျေးရွာအတွင်းသို့ မိမိတို့ကာကွယ်ရေး အဖွဲ့ဝင်များ ဝင်ရောက်နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ ကွမ်းခြံတွင်း သေဆုံးပြည်သူတစ်ဦး၊ သေဆုံးအမျိုးသမီးတစ်ဦး၊ လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခံထားရသူ အမျိုးသားတစ်ဦး၊ ထွန်စက်မောင်းနေသူ သေဆုံး အမျိုးသားတစ်ဦး၊ နှစ်ရက်အတွင်း အပြစ်မဲ့ ပြည်သူ အလောင်း လေးလောင်းနှင့် အပြစ်မဲ့ တိရစ္ဆာန်အလောင်းများ တွေ့ရှိခဲ့ရပြီး ကောင်းမွန်စွာ သင်္ဂြိုလ်တာတွေ၊ ပြည်သူပိုင်ပစ္စည်းများအား တွေ့ရှိ၍ ခေတ္တသိမ်းဆည်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ရွာအတွင်းကို ပြည်သူတွေဝင်ထွက်ခွင့် ယာယီ ပိတ်ပင်ထားပါတယ်။ အခုလက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ ဓားစာခံ(၁၅)ယောက်နဲ့အတူ အရာတော်မြို့နယ် ကန်ရင်းကျေးရွာမှာ တပ်စွဲထားပါတယ်” မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့က ဖော်ပြပါတယ်။

May be an image of outdoors

May be an image of tree and outdoors

စစ်အုပ်စုက လက်ပံကျင်းရွာထဲ စီးနင်းသောင်းကျန်းပြီး ကလေးသူငယ်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားချိန်မှာ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ အမျိုးသာ ညီညွတ်ရေးအစိုးရ (NUG) က စာထုတ် တောင်းဆိုခဲ့ပါသေးတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီနှင့် မတ်လအတွင်းကလည်း ယင်းမာမြို့နယ် သပြေအေးရွာကို စီးနင်းပြီး ကလေးသူငယ်နှင့် ဆရာ၊ဆရာမတွေကို ဏားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

May be an image of door and indoor

ဒါ့အပြင် စစ်အုပ်စုက စစ်ကိုင်းနှင့် မကွေးတိုင်းထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းရာမှာ တွေ့သမျှပြည်သူကို ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သ-တ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။

စစ်အုပ်စုက မြေပြင်ကရော ဝေဟင်ကပါ ထင်တိုင်းကျဲ ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးသွားတဲ့ မြင်းမူမြို့နယ် လက်ပံကျင်းရွာ စာသင်ကျောင်း/Photo – ကိုနွေဦး - မြောင်

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းမူ #လက်ပံကျင်းရွာ #ကျောင်း #ကလေးငယ် #ဖမ်းဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ