တောင်သူလယ်သမားအရေး လုပ်ဆောင်သူ ကိုအေးသိန်းကို စစ်အုပ်စုက ထောင် (၂၄) နှစ် ချမှတ်၊

တောင်သူလယ်သမားအရေး လုပ်ဆောင်သူ ကိုအေးသိန်းကို စစ်အုပ်စုက ထောင် (၂၄) နှစ် ချမှတ်၊

MFP ၊ အောက်တိုဘာ - ၇

မန္တလေးတိုင်းအတွင်း တောင်သူလယ်သမားအရေး၊ လယ်ယာမြေ သိမ်းဆည်းခံရသူတွေအရေး လိုက်လံ ကူညီ ဖြေရှင်းပေးနေသူ၊ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သပိတ်ကျင်းနယ်က ကိုအေးသိန်းကို စစ်အုပ်စုက ဖမ်းဆီးပြီးနောက် ပုဒ်မ သုံးခုနဲ့ တရားစွဲကာ ထောင်ဒဏ် (၂၄) နှစ်အထိ ချမှတ်ထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်အုပ်စုက ဥပဒေမဲ့ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိရေး မြေသိမ်းခံ တောင်သူတွေဘက်က လိုက်ပါကူညီလေ့ ရှိသူ ကိုအေးသိန်းကို အာဏာသိမ်း စစ်အုပ်စုက ၂၀၂၁ စက်တင်ဘာ (၂၀) ရက်မှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းက နေအိမ်မှာ ဖမ်းဆီးခဲ့ပြီးနောက် အခုလို နှစ်ရှည်ထောင်ဒဏ် ချထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုက ဖမ်းဆီးထားတဲ့ ကိုအေးသိန်းကို ပြီးခဲ့တဲ့ မေ(၁၇)ရက်မှာ စစ်အုပ်စုရဲ့ မန္တလေး အိုးဘိုထောင်တွင်း တရားရုံးက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီး မနေ့က အောက်တိုဘာ (၆) ရက်မှာတော့ စစ်အုပ်စုရဲ့ မန္တလေးခရိုင် တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ် (၁၃) နှစ်၊ အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၁(ဂ)နဲ့ ထောင်ဒဏ် ရှစ်နှစ်၊ သီးခြားစီ ကျခံစေဖို့ အမိန့်ချခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် (၂၄) နှစ်အထိ ချခံရတာ ဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

ကိုအေးသိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ သပိတ်ကျင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်သူလယ်သမား #ကိုအေးသိန်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ