MFP ၊ အောက်တိုဘာ - ၁
မန္တလေးတိုင်း မြင်းခြံနယ် ပျော်ဘွယ် စံပြကျေးရွာထဲ PDF တွေက စီးနင်းဝင်ရောက်ကာ သေနတ်ခုနှစ်လက် သိမ်းယူသွားပြီးနောက် စစ်အုပ်စုက တစ်ရွာလုံးက ဒေသခံပြည်သူတွေကို ဖမ်းဆီးညှဉ်းပန်းနေပြီး သေနတ်ဖိုး အလျော်ပေးရင် ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက် နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ(၂၉)ရက်က မြင်းခြံမြို့နယ် ပျော်ဘွယ်စံပြ ကျေးရွာက အုပ်ကြီးနှင့် နောက်လိုက် စစ်အုပ်စုကို ရှင်းလင်းသုတ်သင်ဖို့ နွားထိုးကြီး Natogyi People Defence Fprce – NPDF နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပျော်ဘွယ်ရွာထဲ စီးနင်းဝင်ရောက်ရာမှာ အုပ်ကြီးနင့် စကစတွေ လက်နက်ချ ထွက်ပြေးခဲ့လို့ ဒေသကာကကွယ်ရေး တပ်ဖွဲ့တွေက သေနတ် ခုနှစ်လက် သိမ်းယူ သွားခဲ့ပါတယ်။
အဲ့ဒီနောက် စက်တင်ဘာ(၂၉)ရက်က ညနေပိုင်းက စတင်ပြီး စစ်အုပ်စုက ပျော်ဘွယ်ရွာထဲ အဝင် အထွက် ပိတ်ဆို့လိုက်ကာ တစ်ရွာလုံးက ရှိသမျှ ဖုန်းတွေကိုလည်း သိမ်းယူထားပြီး ရွာသူရွာသားတွေ အားလုံးကို ကျေးရွာ စာသင်ကျောင်းထဲ ဖမ်းဆီးခေါ်ဆောင်ကာ ညှဉ်းပန်းနေတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“(၂၉)ရက် ညနေ ကတည်းက စစ်ခွေးတွေက ရွာကို အဝင်အထွက် ပိတ်ဆို့ပြီး သောင်းကျန်းနေတာ။ ရွာအဝင်နားက စာသင်ကျောင်းထဲမှာ တစ်ရွာလုံး ရှိသမျှလူ အကုန်ခေါ်ပြီး စစ်ဆေးတယ်။ အမျိုးသားတွေကို ဒီနေ့အထိ ပြန်မလွှတ်သေးဘူး“ လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ပျော်ဘွယ်ရွာ ဒေသခံပြည်သူတွေကို ဖမ်းဆီး ညှဉ်းပန်းနေတဲ့ စစ်အုပ်စုက သူတို့ လက်နက်ချ ထွက်ပြေးချိန် PDF က သိမ်းယူသွားတဲ့ သေနတ်ခုနှစ်လက်ဖိုး ရွာက ပေးလျော်ဖို့ အကြပ်ကိုင် အလျော်တောင်းနေပြီး မလျော်ရင် ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်နေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ ပျော်ဘွယ်ရွာက အိမ်ထောင်ဦးစီးတွေကို ဖမ်းဆီးထားပြီး အလုပ်ပြန်လာတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို စာသင်ကျောင်းထဲ ဒူးထောက်၊ လက်မြှောက်ခိုင်းကာ စစ်ဆေးတာ၊ ရွာထဲကို ဖြတ်လာတဲ့ ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးစစ်ဆေးတာတွေ အပြင် မနေ့ကလည်း ကိုရင်တစ်ပါးနဲ့ ကျောင်းသား နှစ်ဦးကိုပါ ဖမ်းဆီးထားတယ်လို့ မြင်းခြံသတင်းတွေ ဖော်ပြနေတဲ့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။
လက်နက်မဲ့ ပြည်သူတွေကို ရန်ပြု သောင်းကျန်းနေတဲ့ ပျော်ဘွယ်ရွာက အုပ်ကြီးနဲ့ နောက်လိုက် စစ်အုပ်စုကို လွန်ခဲ့တဲ့ သုံးလခန့်ကလည်း ရှင်းလင်းသုတ်သင်ဖို့ ရွာထဲ ဝင်ရောက်ခဲ့ပေမယ့် အဲ့ဒီတုန်းကလည်း ပျော်ဘွယ်ရွာ အုပ်ကြီးနှင့် စကစတွေ လက်နက်ချ ထွက်ပြေးသွားခဲ့လို့ သေနတ်နှစ်လက်သာ သိမ်းယူ ရရှိခဲ့တယ်လို့ နွားထိုးကြီး NPDF ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
မြင်းခြံနယ် ပျော်ဘွယ်ရွာက အုပ်ကြီးနှင့် စကစတွေကို PDF တွေက နှစ်ကြိမ် ဝင်ရောက် ရှင်းလင်းရာမှာ နှစ်ကြိမ်လုံး ထွက်ပြေးကြတာကြောင့် ပျော်ဘွယ်ရွာထဲကနေ သေနတ် ကိုးလက်အထိ သိမ်းဆည်းနိုင်ခဲ့တယ်လို့ နွားထိုးကြီး NPDF က ဆိုပါတယ်။
ပျော်ဘွယ်စံပြ aကျးရွာဟာ မြင်းခြံ-နွားထိုးကြီး လမ်းပေါ်မှာ ရှိပြီး အိမ်ခြေ (၃၀၀) ကျော်၊ လူဦးရေ (၁၅၀၀) ဝန်းကျင် နေထိုင်တဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။
#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #ပျော်ဘွယ် #NPDF
လက်နက်တွေ ဆုံးရှုံးပြီးနောက် မြင်းခြံ ပျော်ဘွယ်ရွာက ရှိသမျှလူအားလုံးကို စစ်အုပ်စုက ဖမ်းဆီးညှဉ်းပန်း၊ တရွာလုံးက ဖုန်းတွေ သိမ်းယူထားကာ သေနတ်ဖိုး အလျော်တောင်းပြီး မလျော်ရင် ရွာကို မီးရှို့မယ် ခြိမ်းခြောက်
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024