မတ္တရာနယ် ဧရာဝတီမြစ်ဘေးက ရွာတွေထဲ စစ်အုပ်စု ဝင်မွှေလုယက်ပြီး လက်နက်ကြီးနဲ့ထု၊ ပြည်သူတွေ အချိန်မီ ထွက်ပြေးနိုင်ပေမယ့် ကျွဲ၊နွားတွေ လက်နက်ကြီးထိမှန် သေဆုံး၊

မတ္တရာနယ် ဧရာဝတီမြစ်ဘေးက ရွာတွေထဲ စစ်အုပ်စု ဝင်မွှေလုယက်ပြီး လက်နက်ကြီးနဲ့ထု၊ ပြည်သူတွေ အချိန်မီ ထွက်ပြေးနိုင်ပေမယ့် ကျွဲ၊နွားတွေ လက်နက်ကြီးထိမှန် သေဆုံး၊

MFP ၊ အောက်တိုဘာ - ၄

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ဘေးက ကျေးရွာတွေကို မနေ့က နေ့လည်ပိုင်း စစ်အုပ်စုက ဝင်မွှေလုယက် ဓးပြတိုက် သောင်းကျန်းလို့ ဟင်္သာရွာသစ်၊ ဟင်္သာကုန်း၊ ရှင်လှ စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေး နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၃)ရက် နေ့လည်(၂)နာရီကျော်မှာ မန္တလေး နန်းတွင်းထဲက ထွက်လာတဲ့ စစ်ကား ခြောက်စီးက မတ္တရာနယ် မြစ်ကမ်းဘေးက ရွာတွေထဲ ဝင်မွှေလုယက် ဓားပြတိုက်တာ ဖြစ်ပြီး ပြည်သူတွေ ရှိရာ ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ထုရာ လူတွေ အချိန်မီ ထွက်ပြေးနိုင်ပေမယ့် ကျွဲ၊နွားတွေ ထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“လူနေနေတဲ့ဆီကို ရည်ရွယ်ရှိရှိ (၈၀မမ) တွေနဲ့ တည်ထုပါတယ်။ သူတို့ ခွေးတွေ လာနေပြီ အသံကြားကတည်းက အားလုံးက ထွက်ပြေးကြလို့ လူတွေ အထိခိုက်တော့ မရှိပါဘူး။ လက်နက်ကြီး မှန်လို့ နွားတွေ သေတာတွေ ရှိပါတယ်” လို့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

မတ္တရာနယ် ဧရာဝတီမြစ်ရိုးတလျှောက်မှာ စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဓားပြတိုက် လုယက်နေတဲ့ ဓါးပြခေါင်းဆောင် ရေကျော်(ခ)ကျော်နိုင် ဆိုသူနှင့် စစ်ကောင်စီခန့် အုပ်ကြီး ဌေးဘီတို့က စစ်အုပ်စုကို ငွေပေးပြီး ခေါ်တဲ့အတွက် မန္တလေး နန်းတွင်းထဲကနေ စစ်ကား ခြောက်စီးထွက်လာပြီး ဟင်္သာရွာသစ် နှင့် ရှင်လှ (တောင်)ရွာတွေထဲ ဝင်မွှေလုယက် ဓားပြတိုက်တာ ဖြစ်ကြောင်း၊ ကျေးရွာတွေထဲက တန်ဘိုးကြီး ပစ္စည်းတွေ ဖောက်ထွင်းလုယက် ခိုးယူပြီးနောက် စစ်ကား ငါးစီးက နေ့ချင်းပြန်သွားပြီး စစ်ကားတစ်စီးနှင့် စကစ အင်အား (၅၀)လောက်က ရှင်လှရွာထဲ ညအိပ်ကာ ဒီမနက်မှာ ရွာထဲက ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခွေးတွေ ဝင်လာလို့ ပြေးရတာကတော့ ရှင်လှ၊ ဟင်္သာရွာသစ်၊ ဟင်္သာကုန်း ရွာတွေပါ။ ရှင်လှရွာထဲတော့ ညအိပ်ပြီး မွှေသွားတယ်။ မနေ့က နေ့လည်မှာ အောက်တောင်ကိုင်းရွာဘက်ကနေ စက်သေနတ်တွေနဲ့ ပစ်၊ လက်နက်ကြီးတွေနဲ့ ထုပြီး ဝင်လာတာ။ ရွာတွေထဲ လုယက်မွှေနှောက်သွားတယ်” လို့ ဒေသခံက ပြောပါတယ်။

စစ်အုပ်စုဟာ မတ္တရာနယ်ထဲ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သောင်းကျန်းနေပြီး ရွာစသ်ပတ်မွှေ လုယက် ဓားပြတိုက်တာ၊ ဖမ်းဆီးငွေညှစ်တာ၊ ညှဉ်းပန်း သတ်-ဖြတ်တာ၊ အိမ်မီးရှို့တာတွေ လုပ်ဆောင်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ဧရာဝတီမြစ် #ဟင်္သာရွာ #ရှင်လှရွာ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ