MFP ရဲ့ စက်တင်ဘာ(၁၃)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ(၁၃)ရက် မန္တလေး သတင်းများ

 

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၁၃)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့ရဲ့ အထင်ကရဖြစ်တဲ့ ဈေးချိုတော်အနီးမှာ သံဃသမဂ္ဂ ရဟန်းတော်တစ်ပါးက “ UN Prove Your Existence for Justice” ဆိုတဲ့ စာသားပါ ဘန်နာ ကိုင်ဆွဲပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး၊ ကုလသမဂ္ဂမှာ မြန်မာပြည်သူ‌တွေကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထားရှိဖို့နဲ့ အကြမ်းဖက် စစ်ကောင်စီကို ပြတ်ပြတ်သားသား ငြင်းပယ်ရေးအတွက် ဒီမနက်ပိုင်း တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

၂။ ငါန်းဇွန်မြို့နယ် မလဲကျင်းရွာကို စက်တင်ဘာ(၁၁)ရက် ညပိုင်းမှာ စစ်အုပ်စု စီးနင်းဝင်မွှေ သောင်းကျန်းပြီး ညီဖြစ်သူကို မတွေ့တဲ့အတွက် အကိုဖြစ်သူ ကိုကျော်မိုးကို ဖမ်းခေါ်သွားကာ လမ်းတဝက်မှာ ညှဉ်းပန်း သ-တ်ဖြ-တ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ တချိန်တည်းမှာပဲ နောင်ရိုးအထူး ပြောက်ကျားတပ်ဖွဲ့ကလည်း ငါန်းဇွန်နယ်ထဲ စစ်အုပ်စုနဲ့ ပေါင်းကာ သောင်းကျန်းနေတဲ့ ဖောင်းကတောရွာက ပျူခေါင်းဆောင် ငမိုး ဆိုသူရဲ့ နေအိမ်ကို စီးနင်းပစ်ခတ်ခဲ့ရာ ပျူခေါင်းဆောင် ငမိုး လွတ်မြောက်သွားပေမယ့် ပျူအဖွဲ့ဝင် လေးဦး သေတယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

၃။ PDF တွေကို ကြောက်ပြီး ခြံစည်းရိုး ရှော့တိုက်ထားတဲ့ တောင်သာမြို့နယ် တမိုက်သာရွာက ပျူအဖွဲ့ဝင် ဖိုးအေး ဆိုသူ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ ဓာတ်လိုက်လို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၄။ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ကန်ကောက်(အရှေ့)ရပ်နေ အသက်(၂၅)နှစ်အရွယ် သူနာပြု အမျိုးသမီး တစ်ဦး စက်တင်ဘာ(၁၁) ရက်က ကြိုးဆွဲချ သေဆုံးခဲ့ပြီး အလောင်းကို စစ်ဆေရာမှာ ကိုဗစ်ပိုး တွေ့ရတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

၅။ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေးနှင့် NUG နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း မြင်းခြံနယ်မှာ ဒီမနက်ပိုင်း ပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ပြီး Ghost Team Ranger GTR မြင်းမူ၊ MyinMu Defence Force(MMDF)နဲ့အတူ မြင်းခြံခရိုင်တပ်ရင်း(၆) ရဲဘော်တွေက လုံခြုံရေး ပေးခဲ့တယ်လို့ သတင်း ရရှိပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ