မတ္တရာ ရေလယ်ကျွန်းရွာမှာ ငါးရက်ဆက် တိုက်ပွဲဖြစ်၊ စကစ နှစ်ယောက် ထပ်သေဟုဆို

မတ္တရာ ရေလယ်ကျွန်းရွာမှာ ငါးရက်ဆက် တိုက်ပွဲဖြစ်၊ စကစ နှစ်ယောက် ထပ်သေဟုဆို

MFP ၊ ဩဂုတ် - ၁

မန္တလေးတိုင်း မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကြား၊ ဧရာဝတီမြစ် ရေလယ်ကျွန်းရွာမှာ အင်အား(၅၀)ပါ စစ်အုပ်စုနှင့် ဒေသခံတပ်တွေ ငါးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၈) - ဝက်လက်မြို့နယ် နယ်စည်းမခြား တော်လှန်ရေး အင်အားစု ရဲဘော်တစ်ဦးက ပြောပါတယ်။

ဇူလိုင်(၂၇) ကနေ ဒီနေ့ ဩဂုတ်(၁)ရက်အထိ ငါးရက်ဆက် တိုက်ပွဲဖြစ်နေတာ ​ဖြစ်ပြီး ဇူလိုင် (၃၁)ရက် မနေ့က နေ့လည်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စကစ နှစ်ယောက် ထပ်သေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့ ရွာတွေထဲ စစ်အုပ်စုက ဝင်မွှေ

လုယက် သောင်းကျန်းတာ၊ ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

"အေးကျွန်း ရေလယ်ကျွန်း နှစ်ရွာ မွှေနေတာ၊ နှစ်ရွာလုံး ပြေးနေရတာဗျ ၊ လူကိုမရှိတော့ဘူး”လို့ အဆိုပါ ရဲဘော်က ပြောပါတယ်။

အဲ့ဒီ ငါးရက်ဆက် တိုက်ခိုက်မှုတွေအတွင်း စကစ ရှစ်ယောက် ထက်မနည်း သေကာ ဒဏ်ရာရသူ အယောက်(၂၀)ကျော်တယ်လို့ ဝက်လက်မြို့နယ် နယ်စည်းမခြား တော်လှန်ရေး အင်အားစု ရဲဘော်က MFP ကို ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်တာကြောင့် စစ်ကိုင်းမြို့နယ် စဉ့်ကိုင် (တောင်)ရွာက ဆရာတော်တစ်ပါး လက်နက်ကြီး ထိမှန် ပျံလွန်တော်မူခဲ့ပြီး ဒေသခံ ရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှု​တွေကို ဝက်လက်မြို့နယ် နယ်စည်းမခြား တော်လှန်ရေး အင်အားစု၊ မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစု ၊ ရွှေဘို တပ်ရင်း (၅)၊ ​ဝက်လက် တပ်ရင်း (၁၅)၊ တောကြီးမြွေပွေးတပ်ဖွဲ့၊ လျှပ်စီး ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ရိုင်အဖွဲ့၊ ဗိုလ်ကျား အဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ရေလယ်ကျွန်း #PDF #တိုက်ပွဲ