ဒီပဲယင်း စာသင်ကျောင်းကို ပစ်ခတ်သလိုမျိုး ထပ်မလုပ်ဖို့ လက်ယက်ကုန်းက သားသမီး ဆုံးရှုံးခဲ့ရသူ မိဘတွေက မေတ္တာရပ်ခံ၊

ဒီပဲယင်း စာသင်ကျောင်းကို ပစ်ခတ်သလိုမျိုး ထပ်မလုပ်ဖို့ လက်ယက်ကုန်းက သားသမီး ဆုံးရှုံးခဲ့ရသူ မိဘတွေက မေတ္တာရပ်ခံ၊

MFP ၊ စက်တင်ဘာ - ၂၃

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ကျောင်းသား ကလေးငယ်တွေကို စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ စီးနင်းပစ်ခတ် သတ်-ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး အလားတူ ပစ်ခတ် သတ်ဖြတ်မှုမျိုး တခြားရပ်ရွာတွေမှာ ထပ်မံ မလုပ်ဆောင်ဖို့ မေတ္တာရပ်ခံ တောင်းဆိုကြောင်း သားသမီး ဆုံးရှုံးခဲ့ရတဲ့ လက်ယက်ကုန်းရွာက ဒေသခံ ပြည်သူတွေက ပြောပါတယ်။

စက်တင်ဘာ (၁၆)ရက် နေ့လည်(၁)နာရီက ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စစ်အုပ်စုက ရဟတ်ယာဉ် ငါးစီးနဲ့ တစ်နာရီနီးပါးကြာ စီးနင်းပစ်ခတ် သ-တ်-ဖြတ်ခဲ့ရာ စာသင်နေတဲ့ ကျောင်းသား ကလေးငယ်တွေ အပါအဝင် ဒေသခံပြည်သူ (၁၃)ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။

စစ်အုပ်စုဟာ ကလေးတွေ စာသင်နေတဲ့ ကျောင်းဆောင်ကို (Mi-35)အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် သုံးစီးနဲ့ ခေါင်းစိုက်ထိုးပြီး နာရီဝက်ကျော်ကြာ ပစ်ခတ်ခဲ့သလို (Mi-17)အမျိုးအစား သယ်ပို့ရဟတ်ယာဉ် နှစ်စီးနဲ့ စကစတွေ အင်အားချကာ လက်ယက်ကုန်းရွာကို မြေပြင်ကရော ဝေဟင်ကပါ ပဟ်ခတ်စီးနင်း သ-တ်-ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ရေး ရဟတ်ယာဉ် သုံးစီးနဲ့ နာရီဝက်ကျော်ကြာ တရစပ် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင် သာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့သလို ကျောင်းဆောင်ထဲမှာ စာသင်နေတဲ့ ကျောင်းသား ကလေးငယ်တချို့ ခန္ဒာကိုယ် အစိတ်စိတ် အမွှာမွှာဖြစ်ကာ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူတွေလည်း အများအပြား ရှိပြီး ဒဏ်ရာရတဲ့ ကလေးငယ်တွေကို စစ်အုပ်စုက ဖမ်းခေါ်သွားတာကြောင့် ကလေးငယ်တွေ သေဆုံးမှု အရေအတွက် အတိအကျ မသိရသေးဘဲ အနည်းဆုံး ခြောက်ဦး သေဆုံးကာ (၁၂)ဦးထက် မနည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ကျောင်းသားကလေးငယ် (၂၀၀)ကျော် ရှိပြီး အများစုကတော့ ထွက်ပြေး လွှတ်မြောက် ခဲ့ကြပါတယ်။

စစ်အုပ်စုဟာ ကနဦးမှာ လက်ယက်ကုန်းရွာကို ရဟတ်ယာဉ် လေးစီးနဲ့ လာရောက်ပြီး နောက်ထပ် တစ်စီး ထပ်ရောက်လာကာ စုစုပေါင်း ငါးစီးအနက် သုံစီးက ပစ်ခတ်ပြီး နှစ်စီးက အင်အားချပေးတာလို့ ဒေသခံတွေက ပြောပါတယ်။

ရဟတ်ယာဉ်နဲ့ ချပေးတဲ့ အင်အား(၅၀)ဝန်းကျင်ရှိ စစ်အုပ်စုကလည်း တရွာလုံးကို တရစပ် ပစ်ခတ်စီးနင်းပြီး အသက်(၁၈)နှစ်အောက် ကလေးငယ် နှစ်ဦး အပါအဝင် ဒေသခံပြည်သူ ခုနှစ်ဦးကို သ-တ်-ဖြတ်ခဲ့ရာ အဲ့ဒီ ခုနှစ်ဦးရဲ့ အလောင်းတွေကိုတော့ ရွာထဲမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျောင်းသားကလေးငယ်တွေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ရှိ အချိန်ထိ သေဆုံးတဲ့ ကလေးငယ် အရေအတွက် အတိအကျ မသိရသေးသလို တစ်ဦးမှလည်း အလောင်းပြန်မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာရပြီး ဖမ်းခေါ်သွားတဲ့ ကလေးငယ် တချို့လည်း ဆေးရုံမှာ ထပ်မံ သေဆုံးတယ်လို့ လက်ယက်ကုန်းရွာ ဒေသခံတွေက ပြောပါတယ်။

မျက်မြင်တွေ့ရှိသူ ဒေသခံတွေရဲ့ အဆိုအရ စစ်အုပ်စုက ခန္ဒာကိုယ် အစိတ်စိတ် အမွှာမွှာဖြစ်သွားတဲ့ ကလေးတွေရဲ့ အလောင်းတွေကို ပီနံအိတ်တွေနဲ့ ထည့်ကာ သယ်သွားတယ်လို့ ဆိုပါတယ်။

လက်ယက်ကုန်းရွာ စီးနင်းပစ်ခတ် သတ်-ဖြတ်ခံရမှု ဖြစ်စဉ်မှာ ကျောင်းသားကလေးငယ် ခြောက်ဦး အပါအဝင် စုစုပေါင်း (၁၃)ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး ဒဏ်ရာရလို့ ဖမ်းဆီးခေါ်သွားခံရသူ (၁၂) ဦး ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်အုပ်စုက ဖမ်းဆီးသွားတဲ့အထဲ ဒဏ်ရာရ ကလေးငယ်တွေ အပါအဝင် ဆရာ၊ ဆရာမတွေလည်း ပါဝင်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးတဲ့ ကျောင်းသားကလေးငယ် ခြောက်ဦးအနက် သုံးဦးရဲ့ အမည်ကိုသာ သိရှိသေးပြီး အဲ့ဒီသုံးဦးက မောင်ဘုန်းတေဇ အသက် (၇)နှစ်၊ မသုရတီလှိုင် အသက်(၇)နှစ်နှင့် မောင်ဖိုးသား အသက် (၁၄) နှစ်တို့ ဖြစ်ပါတယ်။

လက်ယက်ကုန်းရွာထဲ စစ်အုပ်စုက ပစ်ခတ် သတ်-ဖြတ်သွားတဲ့ ဒေသခံပြည်သူ ခုနှစ်ဦးကတော့ မောင်စောမင်းဦး (ခ) မောင်ဘောကြီး အသက် (၁၃)နှစ်၊ မောင်အောင်အောင်ဦး အသက်(၁၆)နှစ်၊ မောင်အောင်ချစ်မိုး အသက်(၂၂)နှစ်၊ ဦးတင်စိုးခိုင် အသက်(၃၁)နှစ်၊ ဦးအောင်စောထွေး အသက် (၃၄)နှစ်၊ မယု အသက်(၃၇)နှစ်နှင့် ဦးကျော်ထွန်း အသက် (၄၉)နှစ် တို့ ဖြစ်ကြပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လက်ယက်ကုန်း #ကျောင်း #ကျောင်းသား #ကလေးသူငယ်