မန္တလေးမှာ NLD အင်္ကျီဝတ်ထားသူတွေက အလုပ်မသွားခင် မနက်(၅)နာရီခွဲမှာ ဆန္ဒပြခဲ့၊

မန္တလေးမှာ NLD အင်္ကျီဝတ်ထားသူတွေက အလုပ်မသွားခင် မနက်(၅)နာရီခွဲမှာ ဆန္ဒပြခဲ့၊

MFP ၊ စက်တင်ဘာ - ၂၁

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၃၅)လမ်းနှင့် မြို့ပတ်လမ်းထောင့်က NLD ပါတီရုံးရှေ့မှာ ဒီမနက် (၅)နာရီခွဲက NLD အင်္ကျီဝတ်ထားသူ (၅၀)ခန့် လာရောက်ပြီး (၁၀)မိနစ် ဝန်းကျင်ကြာ ဆန္ဒပြခဲ့တယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သ-တ်-ဖြတ်နေလို့ NLD ပါတီဝင်တွေ ထွက်ပြေးနေရချိန် ချမ်းအေးသာစံမြို့နယ် NLD ပါတီရုံးရှေ့မှာ NLD ပါတီ အင်္ကျီဝတ်ထားသူ တချို့က “အမေစု ကျန်းမာပါစေ” စာတန်းပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး အကြမ်းဖက်မှုတွေ အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြတာပါ။

NLD အင်္ကျီဝတ်ထားတဲ့ ဆန္ဒပြမယ့်သူ (၅၀)လောက် လိုက်ထရပ်ကားနဲ့ ရောက်လာပြီး “အမေစု ကျန်းမာပါစေ” စာတန်း အပါအဝင် ဗွီနိုင်း ငါးခုခန့် ကိုင်ဆောင်ကာ (၁၅)မိနစ်ခန့် ဆန္ဒပြသွားတယ်လို့ ဆိုပါတယ်။

“ပြည်သူလူထု မပြောနဲ့ သူတို့ NLDပါတီဝင် အချင်းချင်းတောင် လက်မခံတော့ဘူး တဲ့လား၊ အကြမ်းဖက် အဖွဲ့အစည်း NUG/CRPH မှ ကြိုးကိုင်နေသော PDF အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် အပြစ်မဲ့ ပြည်သူများနှင့် NLD ပါတီဝင်များ သေဆုံးနေရမှုအပေါ် မန္တလေးရှိ NLD ပါတီဝင်များမှ ကန့်ကွက်ရှုံ့ချကြောင်း ဆန္ဒပြ” ဆိုပြီး စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

NLD ပါတီ အင်္ကျီဝတ်ထားသူ တချို့ စုဝေးဆန္ဒပြခဲ့တဲ့ ချမ်းအေးသာစံမြို့နယ် NLD ပါတီရုံးဟာ စစ်အာဏာ သိမ်းပြီးနောက် ဖောက်ခွဲဖျက်ဆီး ခံခဲ့ရတဲ့ မန္တလေးမြို့ပေါ်က NLD ပါတီရုံးတွေထဲက တစ်ရုံးဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မန္တလေးတိုင်း NLD ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချထားပြီး စစ်အုပ်စုရဲ့ သွေးသောက်အဖွဲ့ကလည်း မန္တလေးမြို့ပေါ်က NLD ပါတီဝင်တွေကို ဥပဒေမဲ့ ဖမ်းဆီး သ-တ်-ဖြတ်ပြီး အလောင်းတွေကို လမ်းဘေး စွန့်ပစ်နေတာတွေ ဆက်တိုက် လုပ်ဆောင်နေလို့ NLD ပါတီဝင်တွေ အိမ်မှာ မနေ့ဝံ့ဘဲ ထွက်ပြေးနေရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #NLD #ပါတီရုံး #ချမ်းအေးသာစံ