မသေခင် သေနတ်အစစ်ကိုင်ပြီး တိုက်ပွဲဝင်ချင်တဲ့ PDF ရဲဘော်တွေ နေ့စားလုပ်ပြီးရံပုံ​ငွေရှာ

မသေခင် သေနတ်အစစ်ကိုင်ပြီး တိုက်ပွဲဝင်ချင်တဲ့ PDF ရဲဘော်တွေ နေ့စားလုပ်ပြီးရံပုံ​ငွေရှာ

မကွေးတိုင်း မြိုင်မြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ရာချီပြီး ရှိပါတယ်။

အဲ့ဒီအထဲက အဖွဲ့တချို့ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)နဲ့ ချိတ်ဆက်ထားတဲ့ NUG အသိအမှတ်ပြု တပ်ရင်း၊ တပ်ဖွဲ့တွေ ဖြစ်ကြပြီး အများစုကတော့ ကျေးရွာအလိုက် ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ - LDF အဖွဲ့ငယ် တွေပါ။ ကျေးရွာ (၄၀၀)ဝန်းကျင်ရှိတဲ့ မြိုင်မြို့နယ်ထဲမှာ ကျေးရွာ ကာကွယ်ရေး အဖွဲ့တွေ အဖြစ် ကိုယ်ထူကိုယ်ထ ဖွဲ့စည်းပြီး အာဏာသိမ်း စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ LDF အဖွဲ့ငယ် (၁၀၀) ဝန်းကျင် ရှိပါတယ်၊ အဲ့ဒီ အဖွဲ့ငယ်လေးတွေဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကနေ ဒီနေ့ဒီအချိန်အထိ လက်လုပ်တစ်တောင့်ထိုး သေနတ်တွေ၊ တူမီးတွေ၊ လက်လုပ်မိုင်းတွေနဲ့သာ တိုက်ပွဲဝင်နေကြရတာပါ။

သူတို့မှာ အော်တိုမောင်းပြန် သေနတ်တွေ မရှိကြပါဘူး။ မြိုင်နယ်က ရာထောင်ချီတဲ့ တော်လှန်ရေး ရဲဘော်တွေဟာ ဒီနေ့အချိန်ထိ အော်တိုမောင်းပြန် ခေတ်မီ သေနတ်အစစ် မကိုင်နိုင်သေးဘဲ တိုက်ပွဲ ဝင်နေကြရတာလည်း ဖြစ်ပါတယ်။ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအဖြစ် ဖွဲ့စည်းထားကြပေမယ့် လက်နက် မပြည့်စုံတာကြောင့် စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စီးနင်းသောင်းကျန်းချိန်တွေမှာ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နိုင်တာ မရှိဘဲ ပြည်သူတွေကို အကာအကွယ် မပေးနိုင်ဘဲ ဖြစ်နေတယ်လို့လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

အဲ့ဒီ ဒေသကာကွယ်ရေး LDF အဖွဲ့ငယ်တွေဟာ ဒေသခံလူထုရဲ့ ထောက်ပံ့ကူညီမှု၊ တပ်ဖွဲ့ဝင်တွေရဲ့ ထည့်ဝင်ငွေလေးတွေနဲ့ ရပ်တည်နေကြတာပါ။ အော်တိုမောင်းပြန် သေနတ်အစစ် ဝယ်နိုင်ဖို့ လုံလောက်တဲ့ အကူအညီ အထောက်အပံ့ မရကြဘဲ လက်ရှိမှာ စစ်အုပ်စုက အကြမ်းဖက်လို့ အိမ်မီးရှို့ခံရ၊ ဓားပြတိုက်လုယက် ခံရပြီး ပြည်သူတွေ စစ်ပြေးရချိန်မှာ ရံပုံငွေ ရရှိမှု လျှော့နည်းလာပြီး သေနတ်အစစ် ဝယ်ယူနိုင်ဖို့ အိမ်မက်က ပိုမို ​ဝေဝါး လာနေပါတယ်။

ဒါကြောင့် တော်လှန်ရေး ရဲဘော်တွေဟာ တိုက်ပွဲ မရှိချိန်တွေမှာ ကြုံရာကျပန်း နေ့စား အလုပ်တွေ လုပ်ကိုင်ပြီး သေနတ်အစစ် ဝယ်နိုင်ရေး ရံပုံငွေရဖို့ ကြိုးစား ရှာဖွေနေကြပါတယ်။ မိဘဘိုးဘွားပိုင် သနပ်ခါးခြံတွေ၊ လယ်ယာမြေတွေ ရောင်းချပြီး သေနတ်ဝယ်နိုင်ဖို့ ကြိုးစားနေတဲ့ ဒေသကာကွယ်ရေး ရဲဘော်တွေလည်း ရှိနေပါတယ်။ အော်တိုမောင်းပြန် သေနတ်အစစ် ကိုင်ပြီး စစ်အုပ်စုကို မတိုက်နိုင်သရွှေ့ အသက်မသေချင် သေးဘူးဆိုတဲ့ တော်လှန်ရေး ရဲဘော်တွေ ကြုံရာကျပန်း လုပ်ကိုင်ပြီး သေနတ်ဝယ်ဖို့ ကြိုးစားနေကြတဲ့အကြောင်းကို MFP က တင်ဆက် ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #LDF #PDF #တော်လှန်ရေး #ရဲဘော်