MFP ရဲ့ အောက်တိုဘာ(၇)ရက် မန္တလေး သတင်းများ

MFP ရဲ့ အောက်တိုဘာ(၇)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကံကြီးကုန်းရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မြင့်လွင်နဲ့ စကစ လက်ကိုင်တုတ် ဖိုးတုတ် (ခ) တင်မျိုးဝင်း ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ကို မနေ့က ညပိုင်းမှာ စစ်အုပ်စုက အချင်းချင်း ပြန်ဖမ်းသွားပါတယ်။ အုပ်ကြီး မြင့်လွင်နဲ့ ပျူအဖွဲ့ဟာ စစ်အုပ်စုနဲ့ ပေါင်းပြီး ဓားပြတိုက်၊ လုယက်၊ မိုက်ကြေးခွဲ၊ ဆက်ကြေး ကောက်တာတွေ လုပ်ဆောင်နေသလို ကျူးကျော် ရှင်းလင်းရာမှာ ရှေ့ဆုံးက ဦးဆောင်ပါဝင်နေသူတွေ ဖြစ်ပါတယ်။ အချင်းချင်း အဝေမတည့်လို့ ဖမ်းဆီးတာလို့ သတင်းကြားကြောင်း နီးစပ်သူတွေက ဆိုပါတယ်။

၂။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချတာ ခံခဲ့ရတဲ့ မန္တလေးမြို့က ကျောင်းသားလေးဦး ဒီနေ့ အောက်တိုဘာ(၇)ရက်မှာ လွတ်ရက်စေ့လို့ မန္တလေးအိုးဘို ထောင်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။ ကိုစောဥက္ကာမင်း (နိုင်ငံခြားဘာသာ တက္ကသိုလ်-မန္တလေး)၊ ကိုမင်းညီညီကွန်း (ရတနာပုံ တက္ကသိုလ်)၊ ကိုရဲဝင်းထွန်းနဲ့ ကိုပြည့်စုံအောင်တို့ကို ပြန်လည် လွတ်မြောက်လာတာပါ။ ၂၀၂၁ ဖေဖော်ဝါရီ(၄)ရက်က မန္တလေးမြို့ ဆေးတက္ကသိုလ်ရှေ့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဒေါက်တာတေဇာစန်း အပါအဝင် ကျောင်းသားလူငယ်တွေ ပထမဆုံး ဆန္ဒပြရာ အရပ်ဝတ်နဲ့ စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးလို့ အထက်ပါ ကျောင်းသားလေးဦး ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် တစ်နှစ်နဲ့ ကိုးလ ကျခံခဲ့ရတာ ဖြစ်ပါတယ်။

၃။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာအနီးက ရွှေတူးဖော်ရေး လုပ်ငန်းတွေ ရှိရာဘက် ဆက်ကြေးကောက်ဖို့ လာရောက်တဲ့ စစ်ကားနှစ်စီးကို ဒီနေ့ မနက်ပိုင်း မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ ငါးယောက်ခန့် သေတယ်လို့ ကြာညှပ် ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

၄။ မန္တလေးမြို့၊ အမရပူရမြို့နယ် ရွှေဂွမ်းထုပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ အောက်တိုဘာ (၇) ရက် မွန်းလွဲ (၁) နာရီမှာ ဗုံးထု တိုက်ခိုက်ခဲ့တယ်လို့ Amarapura People Defense Force က ထုတ်ပြန်ပါတယ်။

၅။ မန္တလေးတိုင်းအတွင်းမှာ တောင်သူလယ်သမားအရေး လှုပ်ရှားမှုတွေနဲ့ လူသိများတဲ့ ကိုအေးသိန်းကို စစ်အုပ်စုက ဖမ်းဆီးပြီး ပုဒ်မ သုံးခုနဲ့ ထောင်ဒဏ် (၂၄) နှစ်အထိ ချမှတ်လိုက်ပါတယ်။

၆။ မန္တလေးကျုံးဘေးမှာ သီတင်းကျွန်လပြည့်ည မီးထွန်းပွဲလုပ်မှာဖြစ်ပြီး ပြည်သူတွေ လာရောက် ပျော်ပါးကြဖို့ စစ်အုပ်စုက စည်းရုံးနေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ