MFP ရဲ့ စက်တင်ဘာ(၂၁)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ(၂၁)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၂၁)ရက် အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့က NLD ပါတီရုံးရှေ့မှာ ဒီမနက်ပိုင်း NLD အင်္ကျီဝတ်ထားသူ (၅၀)လောက် လာရောက် ဆန္ဒပြ ခဲ့ပါတယ်။ စစ်အုပ်စုက ဖမ်းဆီး သ-တ်-ဖြတ်နေလို့ ပါတီဝင် အစစ်တွေ ထွက်ပြေးနေရချိန်မှာ အခုလို NLD အင်္ကျီဝတ်ထားသူတွေက ဆန္ဒပြတာ ဖြစ်ပြီး “အမေစု ကျန်းမာပါစေ” ဆိုတဲ့ ရွတ်ဆိုသံလည်း မကြားရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၂။ မန္တလေးတိုင်း မြင်းခြံမြို့ အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေကို စစ်ကောင်စီ သစ္စာခံ ထောင်ဝန်ထမ်းတွေက အငြိုးထား ဖိနှိပ်နေပြီး ရိုက်နှက်တာ၊ ညှဉ်းပန်းတာတွေအပြင် အသက်(၆၀)ကျော်အရွယ် အမျိုးသမီး တွေကိုပါ အတင်းအကျပ် အလုပ်စေခိုင်းတာတွေ ရှိနေတယ်လို့ နီးစပ်သူ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ မုံရွာထောင်မှာ ထောင်ချခံထားရတဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် ရန်ကုန်၊ မန္တလေးနဲ့ မုံရွာ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေကို စစ်အုပ်စုက ပြီးခဲ့တဲ့ လပိုင်းအတွင်း မြင်းခြံထောင်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ထင်တိုင်းကျဲ ဖိနှိပ်ညှဉ်းပန်းနေတာလို့ နီးစပ်ရာ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

စစ်ကောင်စီ သစ္စာခံ မြင်းခြံထောင်ပိုင် မမြင့်မြင့်ဇော် ဆိုတဲ့ အမျိုးသမီးက လက်ကိုင်တုတ် အကျဉ်းသားတွေ မွေးပြီး နိုင်/ကျဉ်းတွေကို ဖိနှိပ်ညှဉ်းပန်းနေသလို မြင်းခြံ ထောင်ပိုင်လေး ဝင်းကြိုင်၊ ထောင်မှူး မြတ်ကျော်သူနဲ့ မောင်မောင်သိန်းတို့က ညှဉ်းပန်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၃။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံအနီးမှာ ဒီနေ့မွန်းလွဲပိုင်းက မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ပြီး ကြီးကြီးမားမား ထိခိုက်တာ မရှိဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ