မန္တလေး ကျုံးဘေးမှာ ဒီည လုပ်မယ့် သီတင်းကျွတ် မီးထွန်းပွဲအတွက် စစ်အုပ်စုက ကြိုတင်ပြင်ဆင်ထား၊

မန္တလေး ကျုံးဘေးမှာ ဒီည လုပ်မယ့် သီတင်းကျွတ် မီးထွန်းပွဲအတွက် စစ်အုပ်စုက ကြိုတင်ပြင်ဆင်ထား၊

MFP ၊ အောက်တိုဘာ - ၉

မန္တလေးကျုံး အရှေ့ခြမ်းမှာ ဒီနေ့ သီတင်းကျွတ် လပြည့်ည စစ်အုပ်စုက မီးထွန်းပွဲ ပြုလုပ်မှာ ဖြစ်ပြီး မန္တလေးမြို့ခံတွေ လာရောက် ပျော်ရွှင်ကြဖို့ စည်းရုံးနေသလို မီးထွန်းပွဲအတွက် ယခင်နေ့တွေကတည်းက ကြိုတင်ပြင်ဆင်တာတွေ လုပ်နေပါတယ်။

လပြည့်နေ့မတိုင်ခင် သီတင်းကျွတ်အကြို ညကတော့ စစ်အုပ်စုက လုပ်မယ့် ကျုံးဘေး မီးထွန်းပွဲကို လာရောက်လည်ပါတ်သူ တချို့ရှိခဲ့ပြီး စစ်အုပ်စုဝင်တချို့လည်း စောင့်ကြပ်နေတာကို တွေ့ရပါတယ်။

စစ်အုပ်စုက သီတင်းကျွတ်မီးထွန်းပွဲ လုပ်တာဟာ အယောင်ပြ သက်သက်သာ ဖြစ်ပြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ရေးနဲ့ နိုင်ငံကို စစ်ဖိနပ်အောက် သွတ်သွင်းဖို့ အာဏာသိမ်း စစ်အုပ်စုက လုပ်ဆောင်နေတယ်ဆိုတာ မမေ့ကြဖို့၊ သွားလည်မယ့်သူတွေ အနေနဲ့ နွေဦးတော်လှန်ရေးမှာ အသက်ဆုံးပါးသွားကြတဲ့၊ ဘဝတွေ ပျက်စီးသွားကြတဲ့ မိသားစုတွေကို အားနာကြဖို့နှင့် နေ့စဉ်ရက်ဆက် ဖမ်းဆီးခံနေရပြီး မန္တလေး နန်းတွင်း စစ်ကြောရေးမှာ ညှဉ်းပန်း သတ်-ဖြတ်ခံနေရသူတွေကို ကိုယ်ချင်းစာ စာနာပေးကြဖို့ မန္တလေးမြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးက တိုက်တွန်းထားပါတယ်။

စစ်အုပ်စုက လုပ်မယ့် သီတင်းကျွတ် မီးထွန်းပွဲမှာ တီးမှုတ် ကပြပေးဖို့ မြို့မအဖွဲ့၊ ကျောက်ဆည်ဆင်အကနှင့် ယိမ်းအဖွဲ့တွေကို ငွေပေး ငှားရမ်းထားပြီး မန္တလေး စည်ပင်တေးဂီတအဖွဲ့ကလည်း တီးမှုတ်မှာ ဖြစ်တယ်လို့ စစ်အုပ်စုက ကြော်ငြာထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မီးထွန်းပွဲ #ကျုံး #တောင်သမန် #သီတင်းကျွတ်လပြည့်