ချင်းတွင်းမြစ်အတိုင်း မုံရွာဘက် ဆန်လာတဲ့ လေယာဉ်ဆီတင် စစ်ရေယာဉ်တွေကို တိုက်ခိုက်၊

ချင်းတွင်းမြစ်အတိုင်း မုံရွာဘက် ဆန်လာတဲ့ လေယာဉ်ဆီတင် စစ်ရေယာဉ်တွေကို တိုက်ခိုက်၊

MFP ၊ စက်တင်ဘာ - ၃၀

လေယာဉ်ဆီတင် သင်္ဘော အပါအဝင် ချင်းတွင်းမြစ်ကြောင်း အတိုင်း မုံရွာမြို့ဘက် ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို ဒီကနေ့ မြစ်ကမ်းဘေးကနေ စောင့်ကြို တိုက်ခိုက်ခဲ့ရာ စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ Monywa Revolution Force - MRF (PDF) တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၃၀)ရက်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာဘက် ဆန်တက်လာတဲ့ စခအင်အားအပြည့်ပါ စစ်သင်္ဘောတစ်စီး၊ လေယာဉ်ဆီနှင့် ခိုးရာပါ ပစ္စည်းတင် မော်တော် သုံးစီးနှင့် အမြန်ယဉ် တစ်စီး ၊ စုစုပေါင်း ရေယာဉ် ငါးစီးကို မဟာမိတ်တွေ ပူးပေါင်းပြီး တစ်နာရီခန့်ကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ချင်းတွင်း မြစ်ကြောင်းအတိုင်း မြောက်မှ တောင်သို့ (အောက်ဘက်မှ အထက်ဘက်) သို့ ဆန်တက်လာသော စခ အင်အားအပြည့်ပါ စစ်သင်္ဘောတစ်စီး၊ ရိက္ခာ အပြည့်တင်ဆောင်လာသော မော်တော် သုံးစီး (လေယာဉ် ဆီပေပါဟု သိရ)၊ အမြန်ယဉ် တစ်စီး ၊ စုစုပေါင်း ငါးစီးခန့်အား ချင်းတွင်းမြစ်ကမ်းနံဘေး တစ်နေရာ၌ ကျွန်ုပ်တို့ Monywa Revolution Force - MRF (PDF) အဖွဲ့နှင့် မဟာမိတ် ညီနောင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ အချိန် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး စခ အသေပျောက် စာရင်းကိုတော့ မသိရှိရသေးပါ” လို့ MRF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို MRF နှင့်အတူ မုံရွာခရိုင် တပ်ရင်း(၅) - Aung San Force-ASF တပ်ခွဲ (၁)၊ MPDF - ဆားလင်းကြီးတပ်ခွဲနှင့် Monywa Fire Group တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ချင်းတွင်း #MRF #ရေယာဉ် #လေယာဉ်ဆီ