စကစ (၃၀)ကျော်သေ၊ သုံ့ပန်းတွေ ဖမ်းမိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တဲ့ ကျွန်းလှ တိုက်ပွဲအကြောင်း ကန့်ဘလူခရိုင် တပ်ရင်း(၂) အတွင်းရေးမှူး ဗိုလ်ရောင်နီ နှင့် မေးမြန်းချက်၊

စကစ (၃၀)ကျော်သေ၊ သုံ့ပန်းတွေ ဖမ်းမိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တဲ့ ကျွန်းလှ တိုက်ပွဲအကြောင်း ကန့်ဘလူခရိုင် တပ်ရင်း(၂) အတွင်းရေးမှူး ဗိုလ်ရောင်နီ နှင့် မေးမြန်းချက်၊

MFP၊ သြဂုတ် - ၂၄

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ကျွန်းလှနယ်မြို့နယ် ညောင်းကုန်းရွာကို မီးရှိဖျက်ဆီးပြီး ပြန်လာတဲ့ အင်အား(၆၀)ကျော်ပါ ဖက်ဆစ်တပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်သား (၃၀)ကျော် သေပြီး သုံးပွင့်နှစ်ယောက်နှင့် တစ်ပွင့်တစ်ယောက် အရှင်ဖမ်းမိသလို လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်လို့ ကန့်ဘလူခရိုင် PDF တပ်ရင်း (၂)က အတည်ပြု ထုတ်ပြန်ပါတယ်။

သြဂုတ်(၂၃)ရက် မနက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ကျွန်းလှနယ် တိုက်ပွဲမှာ သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့တဲ့ ဖက်ဆစ်တပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်း မော်လိုက်မြို့ အခြေစိုက် ခမရ (၃၆၅)က သုံးပွင့်ဗိုလ်ကြီး နှစ်ယောက်နှင့် တစ်ပွင့်ဗိုလ် တစ်ယောက်၊ စုစုပေါင်း သုံးယောက် ဖြစ်တယ်လို့ ကန့်ဘလူခရိုင် PDF တပ်ရင်း (၂) အထွေထွေ အတွင်းရေးမှူး ဗိုလ်ရောင်နီက ဆိုပါတယ်။

သိမ်းဆည်း ရရှိခဲ့တဲ့ လက်နက်၊ ခဲယမ်းတွေဟာ MA-1 သေနတ် ခုနှစ်လက်၊ MA-2 သေနတ် နှစ်လက်၊ MA-3 သေနတ် ခုနှစ်လက်၊ MA-4 သေနတ် တစ်လက်၊ (၆၀-မမ) ပြောင်းတို နှစ်လက်၊ RPG တစ်လက်၊ RPG ကျည် နှစ်လုံး၊ MA ကျည်ဘောက် (၅၅)ဘောက်၊ (၆၀-မမ)ကျည် (၁၈)လုံး၊ (5.56)ကျည် (၁၈၆၇)တောင့်၊ (၄၀-မမ) ကျည် ခြောက်လုံး၊ အီနာဂါ ဗုံးသီး လေးလုံး၊ ဦးထုပ် ခြောက်လုံး၊ နင်းမိုင်း ငါးလုံး၊ Icon (စကားပြောစက်) ငါးလုံး၊ လက်လုပ်တူမီး တစ်လက်၊ လက်လုပ်တစ်ထောင့်ထိုး သေနတ် တစ်လက်၊ မီးကျည် နှစ်ထောင့်၊ Jumper တစ်ခု၊ မပတ နှစ်ခု၊ (84-mm) ပြောင်း တစ်လက်၊ (84-mm) နှစ်ခု၊ MA Pistol (ပစ္စတိုသေနတ်) တစ်လက်နှင့် ကျည်ဘောက် နှစ်ခု ဖြစ်တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း(၂)က အတည်ပြု ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အင်တာနက် အခက်အခဲကြောင့် မှတ်တမ်းပုံတွေ မဖော်ပြနိုင်သေးပေမယ့် တိုက်ပွဲဝင်နေတဲ့ ဗိုလ်တာင်ပြန်ရဲ့ သတင်းပေးမှုအရ အထက်ပါအတိုင်း ဖက်ဆစ်တပ်ဘက်က သုံးယောက် ဖမ်းမိပြီး လက်နက်ခဲယမ်း အအများအပြား သိမ်းဆည်း ရရှိခဲ့တာလို့ ဗိုလ်ရောင်နီက ဆိုပါတယ်။

ဒီကနေ့ သြဂုတ်(၂၃)ရက် မနက်(၉)နာရီကျော်က ရွာမီးရှို့ပြီး ပြန်ထွက်လာတဲ့ ဖက်ဆစ်တပ်ကို ကျွန်းလှ၊ ကန့်ဘလူနှင့် ကောလင်းနယ်စပ်၊ အောင်ချမ်းသာရွာနှင့် လက်ခုပ္ပင်ရွာကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲတွေက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် သုံးနာရီကျော် ကြာမြင့်ခဲ့တာပါ။

အဲ့ဒီ တိုက်ပွဲမှာ ဖက်ဆစ်တပ်သား (၃၀)ကျော် သေပြီး လက်နက်ကြီး၊ လက်နက်ငယ် ငါးကြင်းမြီး၊ RPG နှင့် ကျည်တွေ အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ဒေါင်းနီ (ကောလင်း ပ.က.ဖ) အဖွဲ့၊ နဂါးနီ (ကောလင်း ပ.က.ဖ)အဖွဲ့၊ ကန့်ဘလူခရိုင် တပ်ရင်း(၁)၊ တပ်ရင်း(၂)နှင့် ကန့်ဘလူနယ်က ဒေသကာကွယ်ရေး အဖွဲတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

တိုက်ပွဲမှာ အထိနာသွားတဲ့ ဖက်ဆစ်တပ်ဟာ နေ့လည် (၁၂)နာရီကျော်မှာ ဖက်ဆစ်တပ်သား အင်အား(၅၀)ခန့်ကို (Mi-17) ရဟတ်ယာဉ်တစ်စီးနဲ့ နှစ်ခေါက်ပြန်ကာ စစ်ကူလာပို့သလို (Mi-35)ရဟတ်ယာဉ်နဲ့ နှစ်ကြိမ်၊ ဂျက်ဖိုက်တာ (YAK-130) တစ်စီးနဲ့ တစ်ကြိမ်၊ စုစုပေါင်း လေကြောင်းပစ်ခတ်မှု သုံးကြိမ် ပြုလုပ်ခဲ့တယ်လို ဆိုပါတယ်။

"သုံးခေါက်မြောက်က (Mi-35) (ရဟတ်ယာဉ်)နဲ့ မဟုတ်ဘဲ တိုက်လေယာဉ်နဲ့ ပစ်သွားတယ်" လို့ ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က MFP ကို ပြောပါတယ်။

ဖက်ဆစ်တပ်က လေကြောင်းသုံးပြီး စစ်ကူလာချပေးတဲ့ အင်အား(၅၀)လောက်ဟာ လက်ရှိမှာ အောင်ချမ်းသာရွာနှင့် လခုပ္ပင်ရွာတွေနား ရှိနေသေးပြီး တန့်ဆည်နယ် နဘတ်ကျင်းရွာဘက်မှာ ရှိနေတဲ့ ဖက်ဆစ်တပ်အတွက် စစ်ကူအဖြစ် လာပို့တာလို့ အကြမ်းဖျဉ်း သိရတဲ့အကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲက ဆိုပါတယ်။

ဒီနေ့ တိုက်ပွဲတွေ ဖြစ်ပြီး လေကြောင်းကနေ ပစ်ခတ်ခံရတဲ့ ကျေးရွာတွေဟာ ကျွန်းလှ၊ ကန့်ဘလူနှင့် ကောလင်း သုံးမြိုနယ် အစပ်ဖြစ်ပြီး အောင်ချမ်းသာရွာက ကောလင်းနယ်ထဲပါပြီး လက်ခုပ္ပင်ရွာက ကန့်ဘလူနယ်ထဲက ဖြစ်ကြောင်း၊ ဖက်ဆစ်တပ်က မီးရှိဖျက်ဆီးခဲ့တဲ့ ညောင်ကုန်းရွာက ကျွန်းလှနယ်ထဲက ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖက်ဆစ်တပ်ဟာ သြဂုတ် (၂၂)ရက် မနေ့ကတည်းက ညောင်းကုန်းရွာထဲ ဝင်မွှေလုယက် သောင်းကျန်း မီးရှို့နေတာ ဖြစ်ပြီး ဖက်ဆစ်တပ်က မီးရှို့လို့ ညောင်ကုန်းရွာက နေအိမ်အလုံး (၃၀)ကျော် မီးလောင် ပြာကျခဲ့ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ကန့်ဘလူ #ကျွန်းလှ #ကောလင်း #တိုက်ပွဲ #PDF