စစ်အုပ်စုကို ဆက်ကြေးပေးဖွင့်တယ်ဆိုတဲ့ သပိတ်ကျင်းက KTV ကို ဗိုလ်လင်းယုန်အဖွဲ့က စီးနင်း၊ စစ်ကားနှစ်စီး တက်လာချိန်မှာ စောင့်ကြို မိုင်းဆွဲ၊

စစ်အုပ်စုကို ဆက်ကြေးပေးဖွင့်တယ်ဆိုတဲ့ သပိတ်ကျင်းက KTV ကို ဗိုလ်လင်းယုန်အဖွဲ့က စီးနင်း၊ စစ်ကားနှစ်စီး တက်လာချိန်မှာ စောင့်ကြို မိုင်းဆွဲ၊

MFP ၊ သြဂုတ် - ၁၃

စစ်အုပ်စုကို ဆက်ကြေးပေး ဖွင့်လှစ်နေသလို စကစတွေကို ပေါင်းသင်းဧည့်ခံနေတယ်လို့ဆိုပြီး မန္တလေးတိုင်း သပိတ်ကျင်းမြို့ ကြက်ရိုးပင်ရွာမှာ ဖွင့်လှစ်ထားတဲ့ KTV တစ်ခုကို ဒီကနေ့ မနက်ပိုင်း စီးနင်းဝင်ရောက်ကာ ပစ်ခတ် သတိပေးခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၁၃)ရက် မနက်(၁၀)နာရီဝန်းကျင်မှာ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ Golden Hill (Bar & KTV) ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး KTV ကို စီးနင်းနေချိန် ဇရပ်ကွင်းရွာဘက်က တက်လာတဲ့ စစ်ကားနှစ်စီးကိုလည်း လိပ်ကျရွာအနီးမှာ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ခွေးစာထောက်ပံံ့ပေးနေသော Golden Hill (Bar & KTV)အား ကျွန်ုပ်တို့ ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁၀)မိနစ်ခန့်အကြာတွင် ဇရပ်ကွင်း ကျေးရွာဘက်မှ စစ်ဆေးရန် ထွက်လာသော ခွေးကားနှစ်စီးအား ဆင်မွှေးကျေးရွာနှင့် လိပ်ကျကျေးရွာကြားတွင် ထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသည်။ ထိုမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ခွေးအသေအပျောက် စာရင်းအား ထပ်မံ၍ ဖော်ပြပေးသွားပါမည်” လို့ ဗိုလ်လင်းယုန်အဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုကို ထောက်ပံ့တာ၊ ဆက်ကြေးပေးတာတွေ မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မလိုက်နာလို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပြီး သပိတ်ကျင်းမြို့နယ်ထဲက လောင်းကစားဝိုင်းတွေ၊ စစ်အုပ်စုနှင့် ဆက်နွှယ်တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကိုလည်း ဆက်လက် တိုက်ခိုက်မယ်လို့ ဆိုပါတယ်။

“အကြိမ်ကြိမ် သတိပေးစာထုတ်၍ တားမြစ်ထားသည့်ကြားမှ တော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ချက်များကို ဂရုမစိုက်ဘဲ စခဗျူဟာမှူး၊ ရခမြို့နယ်မှူးများကို အပီအပြင် ပေါင်းသင်းဧည့်ခံ၍ အများပြည်သူများ ခက်ခဲကြပ်တည်းနေ့သည့် အချိန်တွင် KTV ဖွင့်၍ ခွေးစာ ထောက်ပံ့နေသော Golden Hill (Bar & KTV) အား လက်တွေ့ကျကျ သင်ခန်းစာ ပေးလိုက်ခြင်း ဖြစ်သည်။ နောက်နောင်တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကုမ္ပဏီများ၊ KTV များ၊ စစ်တပ်ထုတ် မြန်စာစည်ဘီယာ ရောင်းချနေသော ဆိုင်များ၊ လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေကြသူများအား ကျွန်ုပ်တို့ ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ဆက်လက်၍ သင်ခန်းစာပေး တိုက်ခိုက်သွားမည်ဖြစ်သည်” လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့က ဖော်ပြပါတယ်။

သပိတ်ကျင်းနယ်ထဲ ရွှေတူးဖော်ရေး လုပ်ငန်းတွေ ရှိနေပြီး အဲ့ဒီ ရွှေမှော်တွေ အနီးတဝိုက်မှာ စစ်အုပ်စုကို ဆက်ကြေးပေးပြီး KTV တွေ၊ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်းမှာ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးရောင်းသူတွေကို ဆက်ကြေးတောင်းကာ ပေါ်ပေါ်တင်တင် လုပ်ကိုင်ခွင့်ပြုနေပြီး မန္တလေးမြို့ပေါ်မှာလည်း လောင်းကစားဝိုင်းတွေ မှိုလို ပေါက်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပိတ်ကျင်း #KTV #ဘား #ဗိုလ်လင်းယုန်