ချင်းတွင်းမြစ်ထဲ ဆန်တက်နေတဲ့ စစ်ရေယာဉ်တွေကို ပွိုင့်ငါးနေရာခွဲပြီး တိုက်ခိုက်၊ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပြီး စကစတွေ အတုံးအရုန်း သေဟုဆို၊

ချင်းတွင်းမြစ်ထဲ ဆန်တက်နေတဲ့ စစ်ရေယာဉ်တွေကို ပွိုင့်ငါးနေရာခွဲပြီး တိုက်ခိုက်၊ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပြီး စကစတွေ အတုံးအရုန်း သေဟုဆို၊

MFP ၊ အောက်တိုဘာ - ၇

မုံရွာမြို့ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတစ်စီးပါ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို ကနီမြို့ အထက်ဘက်မှာ မနေ့က နေ့လည်ပိုင်းက စတင်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မြစ်ကမ်းတလျှောက် ပွိုင့်ငါးနေရာကနေ စောင့်ကြို တိုက်ခိုက်လျှက်ရှိရာ ဒီနေ့အထိ တိုက်ပွဲ ပြင်းထန်နေပြီး စကစတွေ အသေအပျောက် ရှိတယ်လို့ လွတ်လပ်ရေး တပ်တော် - Independence Army – IA က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၆)ရက် နေ့လည်ကနေ ဒီကနေ့ အောက်တိုဘာ(၇)ရက် မနက်ပိုင်းအထိ ကနီမြို့ အထက်ပိုင်း ချင်းတွင်း မြစ်ကမ်းတလျှောက် တိုက်ပွဲ ပြင်းထန်နေပြီး စစ်အုပ်စုကလည်း မြစ်ကမ်းဘေး ရွာတွေကို လက်နက်ကြီးနဲ့ ထုနေတာကြောင့် ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

“ချင်တွင်း မြစ်ကြောင်းအတွင်း မုံရွာမြို့မှ ကနီမြို့ အထက်သို့ ဆန်တက်လာသော စစ်ကောင်စီ ထောက်ပို့ ရေယဉ်များနှင့် စစ်သင်္ဘော တစ်စီးအား အောက်တိုဘာ(၆)ရက် နေ့လည်မှစ၍ ယနေ့နံနက်(၉)နာရီ အထိ တပ်ဖွဲ့များ စုပေါင်းကာ အင်အား(၁၀၀)ကျော်ဖြင့် Point ငါးနေရာ ခွဲ၍ တိုက်ခိုက်ခဲ့ကြသည်။ အဓိက နေရာအဖြစ် ချင်းတွင်းမြစ်ကြောင်း နံဘေး မြွေဘိုင်းတောင်တွင် အဓိကထား တိုက်ခိုက်ခဲ့ကြသည်။ စခများ နှင့် ပျူစောထီးများ အတုံးအရုံး လဲကျသွားသည်ကို မြင်တွေ့ခဲ့ရပြီး စခနှင့်ပျူစောထီးများ အထိအခိုက် အသေဆုံး များပြားနိုင်ပြီး အသေအဆုံး စာရင်းမှာ အတိအကျ မသိရှိရသေးပေ” လို့ IA က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း Independence Army - IA မှ ရိုက်ကူးရေးနှင့် တိုက်ခိုက်ရေး ရဲဘော် တစ်ဦး နှင့် မုံရွာ ဗိုလ်သံမဏိတပ်ရင်း MPDF မှ ရဲဘော်တစ်ဦးတို့ စုစုပေါင်း နှစ်ဦး တို့ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စု ရေယာဉ်တွေကို People's Defence Army-Yinmarbin (PDA)၊ Independence Army - IA ၊ Kani Guerilla Force - KGF ၊ Kani People Defence Force - 01 - KPDF-1 ၊ Kani Chindwin Revolution Force - KCDRF ၊ DRPA ၊ ရွှေတြိဂံတပ်ရင်း ၊ ဗိုလ်နောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မုံရွာ ဗိုလ်သံမဏိတပ်ရင်း - MPDF၊ Black Shadow တပ်ဖွဲ့၊ ကျောက်လုံးကြီး (KLG PDF)၊ Comrade Column (နဂါးညီနောင် & DBTF + ရတနာပုံပြောက်ကျား )၊ Phoenix Column၊ MPDF(DEMO)တပ်ခွဲ ၊ မဟူရာကျားရိုင်းတပ်ဖွဲ့၊ သိန်းငှက်ပြောက်ကျား - ကနီ နှင့် ယင်းမာပင်၊ ကနီနယ်က ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အများအပြား ပါဝင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ရေယာဉ်တွေကို အောက်တိုဘာ(၃)ရက်နှင့် (၄)ရက်က ကနီနယ် ချိုင်ရွာနှင့် ကနီကြားမှာ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီး စကစတွေ အထိနာ အသေများသလို ရေယာဉ်တချို့ ပျက်စီးလို့ ကနီမြို့မှာ ညအိပ်အထိုင်ချ ပြုပြင်ပြီးနောက် မနေ့က ဆက်လက် ဆန်တက်ရာမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ထပ်မံ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Video – PDA ၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ - Kani

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ချင်းတွင်း #စစ်သင်္ဘော #ရေယာဉ်