MFP Daily News - ဩဂုတ်(၁၈)ရက် မန္တလေးသတင်းများ

MFP Daily News - ဩဂုတ်(၁၈)ရက် မန္တလေးသတင်းများ

ဩဂုတ်(၁၈)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ အာဏာသိမ်း ဖက်ဆစ်တပ်က တိုင်းနဲ့ ပြည်နယ် ငါးခုမှာရှိတဲ့ နိုင်ငံပိုင်မြေ၊ အဆောက်အဦ၊ တိုက်ခန်းနဲ့ မြေကွက် စုစုပေါင်း (၂၇)ခုကို ထပ်မံရောင်းချမယ်လို့ ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် လက်ထဲမှာ ရှိတဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့က နိုင်ငံပိုင်မြေနဲ့ အဆောက်အဦတွေကို ရောင်းချမှာဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ရောင်းချမှာ ဖြစ်ပြီး ၂၀၂၁ ဇွန်လကလည်း ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရှမ်း၊ ဧရာဝတီက နိုင်ငံပိုင်မြေနဲ့ အဆောက်အဦ၊ မြေကွက် စုစုပေါင်း (၂၃)ခုကို အာဏာသိမ်း ဖက်ဆစ်တပ်က ရောင်းချခဲ့ပါသေးတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ စစ်အုပ်စုရဲ့ရောင်းချမှုဟာ တရားမဝင်တာကြောင့် နိုင်ငံပိုင်မြေနဲ့ အဆောက်အဦတွေ မဝယ်ယူကြဖို့နဲ့ ဝယ်ယူသူတွေဟာ နောင်တစ်ချိန်မှာ အရေးယူခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။

၂။ မတ္တရာနယ် ညောင်ငုတ်တိုရွာနဲ့ ကျောက်ဆည်လေး ရွာကြားမှာ ဩဂုတ်(၁၇)ရက်က ကားရှစ်စီးပါ ဖက်ဆစ်တပ် ယာဉ်တန်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်သား ခြောက်ယောက် သေတယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

၃။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅)ရပ်ကွက်၊ (၆၇)လမ်းနဲ့ (၁၁၀)လမ်းထောင့်မှာ ရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးကို မနေ့က ညပိုင်းမှာ ဗုံးထု တိုက်ခိုက်ခဲ့ပြီး ဖက်ဆစ်တပ်သား တစ်ယောက် ဒဏ်ရာရတယ်လို့ K.C.G.F-MDY ပြောက်ကျား တပ်ဖွဲ့က ပြောပါတယ်။ ဖက်ဆစ်တပ်ရဲ့ ထုတ်ပြန်ချုက်မှာတော့ မနေ့ညက မြို့သစ်(၅)ရပ်ကွက်ရုံးကို အမည်မသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့ပေမယ့် ဘန်ကာအနီး ကျရောက်ကာ ပေါက်ကွဲမှုမရှိဘူးလို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းမျာ