MFP ရဲ့ စက်တင်ဘာ(၂၉)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ(၂၉)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ် တံတားအနီးမှာ ဒီမနက်ပိုင်း အချုပ်ကားနဲ့ အကျဉ်းသားတွေ ရွှေ့ပြောင်းနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကယ်ထုတ်ခဲ့ရာမှာ နိုင်/ကျဉ်း နှစ်ဦး လွတ်မြောက်တယ်လို့ Truth Keeping Force – Amarapura က MFP ကို ပြောပါတယ်။ အဲ့ဒီ တိုက်ခိုက်မှု အတွင်း ရဲနှစ်ဦး သေဆုံးပြီး နိုင်/ကျဉ်း တစ်ဦး ဒဏ်ရာရကာ နိုင်/ကျဉ်း ရှစ်ဦး ထွက်ပြေးနိုင်ခဲ့ပေမယ့် ခြောက်ဦး ပြန်အဖမ်းခံရတယ်လို့ ဆိုပါတယ်။ လွတ်မြောက်လာတဲ့ နိုင်/ကျဉ်း နှစ်ဦးကို လုံခြုံရာ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပြန်လည်ဖမ်းဆီးခံရသူ ခြောက်ယောက်ကို စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ပြီး သတင်းဖျောက်မှာ စိုးရိမ်တယ်လို့ Truth Keeping Force -Amarapura အဖွဲ့က ဗိုလ်နေလင်း က MFP ကို ပြောပါတယ်။

၂။ မန္တလေးမြို့ကို ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ဟာ မြို့ခံ စီးပွားရေးသမားတချို့နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပြီး တစ်မြို့လုံးမှာလည်း လက်နက်ကိုင်တွေ အစောင့်ချထားပြီး လုံခြုံရေး တင်းကျပ်ထားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

၃။ မတ္တရာမြို့နယ်ထဲ သံကျောက် တူးဖော်နေသူတွေ အားလုံး တစ်ပတ်အတွင်း လုပ်ငန်းတွေ ပိတ်သိမ်းကာ ထွက်ခွာကြဖို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ပကဖ က တားမြစ်စာ ထုတ်ပြန်ပါတယ်။ လက်ရှိမှာ စစ်အုပ်စုက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ မီးရှို့ကာ လုယက် ဓားပြတိုက် သောင်းကျန်းနေပြီး စစ်ရေးအရှိန်မြှင့်ဖို့ လုပ်ဆောင်နေတာကြောင့် အခုလို တားမြစ်ရတာလို့ မတ္တရာ ပကဖ က ရှင်းပြပါတယ်။

၄။ ဘဏ္ဍာငွေ ကျပ်သိန်း သောင်းချီ ရရှိထားပြီး သာသနာ(၂၅၀၀)ဗိမာန်ကို ခန်းမအဖြစ် ငှားစားနေတဲ့ မန္တလေးမြို့ မဟာမုနိ ဘုရားကြီး ဂေါပက အဖွဲ့က ဘုရားကြီးစောင်းတန်း ဆိုင်ခန်းငှားခတွေကိုပါ ယခုလကုန်က စတင်ပြီး နှစ်ဆတိုးမြှင့် ကောက်ခံတော့မယ်လို့ ဈေးသည်တွေကို အသိပေး ထုတ်ပြန်လိုက်ပါတယ်။

၅။ မြင်းခြံနယ် ပျော်ဘွယ်ရွာက စစ်ကောင်စီခန့် အုပ်ကြီးနဲ့ နောက်လိုက် စကစတွေကို ဒီနေ့လယ်ပိုင်း ဝင်ရောက် ပစ်ခတ် ရှင်းလင်းရာမှာ အုပ်ကြီးနဲ့ စကစတွေ လက်နက်ချ ထွက်ပြေးသွားလို့ လူတွေ မရလိုက်ဘဲ သေနတ် ခုနှစ်လက်သာ သိမ်းယူ ရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - Natogyi People Defence Force – NPDF က သတင်း ထုတ်ပြန်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ