ကနီနယ်မှာ တိုက်ပွဲဖြစ်၊ ဒဏ်ရာရ ရဲဘော်ကို ကယ်ထုတ်နိုင်ခဲ့ပြီး မောင်းပြန်တစ်လက် ဆုံးရှုံး၊

ကနီနယ်မှာ တိုက်ပွဲဖြစ်၊ ဒဏ်ရာရ ရဲဘော်ကို ကယ်ထုတ်နိုင်ခဲ့ပြီး မောင်းပြန်တစ်လက် ဆုံးရှုံး၊

MFP ၊ သြဂုတ် - ၁

စစ်ကိုင်းတိုင်း ကနီမြို့နယ် ငါးဖျက်ရွာအနီးမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ ဇူလိုင်(၂၂)ရက်က တစ်နာရီကျော်ကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ နဂါးညီနောင် (DBTF)က သတင်း ထုတ်ပြန်ပါတယ်။

အဲ့ဒီ တိုက်ပွဲမှာ စစ်အုပ်စုဘက်က အသေအပျောက် ရှိနိုင်သလို ကျည်ထိမှန် ဒဏ်ရာရပြီး စစ်အုပ်စု လက်ထဲ ပါလုဆဲဆဲ ဖြစ်နေတဲ့ DBTF တပ်ဖွဲ့က ရဲဘော်ဂဠုန်ကို အသက်ရှင်လျှက် ပြန်လည် ကယ်ထုတ်နိုင်ခဲ့တယ်လို့ DBTF က ဖော်ပြပါတယ်။

ဇူလိုင်(၂၂)ရက်က ကနီမြို့နယ်၊ ငါးဖျက်ကျေးရွာမှာ ချင်တွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုကို နဂါးညီနောင်တပ်ဖွဲ့နဲ့ ညီနောင် မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရှေ့ပြေးစစ်ကြောင်းမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ နဂါးညီနောင်တပ်ဖွဲ့က ရဲဘော်ဂဠုန်ဟာ စကစတွေရဲ့ ကင်းပုန်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ချိန် ကျည်ဆန်ထိမှန်ပြီး မောင်းပြန်သေနတ်နဲ့ အတူ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ရဲဘော် ဂဠုန် ဒဏ်ရာရပြီး ကျန်ခဲ့ချိန် စစ်အုပ်စုက တရစပ် ဖိတိုက်နေတဲ့ကြားကပဲ ရဲဘော်ကို အသက်ရှင်လျက် ပြန်လည် ကယ်ထုတ်လာနိုင်ခဲ့တယ်လို့ DBTF က ဆိုပါတယ်။

“ရဲဘော်၏အသက်ကို ကြိုးကြိုးစားစား ကယ်ထုတ်ခဲ့ရပြီး သူနဲ့အတူပါလာတဲ့ မောင်းပြန်သေနတ်ကိုတော့ ပြန်လည် ကောက်ယူနိုင်ခြင်း မရှိခဲ့ပါ။ မောင်းပြန်သေနတ် ဆုံးရှုံးခဲ့သော်လည်း ကျနော်တို့ ရဲဘော်၏ အသက်ကို ပြန်ရလိုက်တဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးရပါတယ်” လို့ DBTF က ဆိုပါတယ်။

ရဲဘော်ကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် မောင်းပြန်သေနတ်ကို ပြန်ရအောင် မယူနိုင်ခဲ့ဘဲ ဆုံးရှုံးခဲ့ရပြီး ပြည်သူ့အထောက်အပံ့နဲ့ မောင်းပြန်သေနတ် ပြန်လည်ဝယ်ယူနိုင်ဖို့အတွက် ထောက်ပံ့ကူညီ ပေးကြဖို့လည်း DBTF က ဖော်ပြထားပါတယ်။

စစ်သင်္ဘော အပါအဝင် လက်နက်ခဲယမ်းနှင့် ရိက္ခာတွေ တင်ဆောင်ထားတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေဟာ ဇူလိုင်(၁၈)ရက်မှာ မုံရွာမြို့ အလုံမင်းထောင့် ဆိပ်ကမ်းကနေ စတင်ထွက်ခွာပြီး ချင်းတွင်းမြစ်အတိုင်း ဆန်တက်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ရေယာဉ်တွေကို ဒေသကာကွယ်ရေး တပ်တွေက လမ်းတလျှောက် ကြားဖြတ် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်အုပ်စုကလည်း မြစ်ကမ်းဘေး ရွာတွေထဲ ဝင်မွှေလုယက် ဓားပြတိုက် သောင်းကျန်းကာ မင်းကင်းနယ် အနောက်တောရွာက အိမ်(၁၁)လုံး၊ အုန္နဲဘုတ်ရွာက အိမ်(၁၄)လုံးနှင့် ညောင်ပင်သာရွာက အိမ်(၁၅)လုံးကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ချင်းတွင်း #ကနီ #မင်းကင်း #DBTF