MFP ၊ သြဂုတ် - ၁၄
မကွေးတိုင်း ရေစကြိုနယ် ရေလယ်ကျွန်းဒေသ မင်းရွာကျေးရွာထဲ ဝင်မွှေသောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို မနေ့က ဝင်ရောက်တိုက်ခိုက်ရာမှာ ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးတွေကို ပြည်သူတွေ ထင်ပြီး ငဲ့ညှာမိလို့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရတယ်လို့ MG-6 ပြောက်ကျားတပ် (မြင်းခြံ)က သတင်း ထုတ်ပြန်ပါတယ်။
သြဂုတ်(၁၃)ရက် မနေ့က ရေစကြိုနယ်၊ ရေလည်ကျွန်းဒေသ မင်းရွာကျေးရွာထဲ (၁၈)ရက်ကြာ စီးနင်းဝင်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို MG-6 ပြောက်ကျားတပ် (မြင်းခြံ)၊ YLK NEW POWER (PDF)နှင့် ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မင်းရွာကျေးရွာထဲ ဝင်ရောက် တိုက်ခိုက်ရာမှာ မိနစ်အနည်းငယ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပြန်လည်ဆုတ်ခွာ ခဲ့ရတယ်လို့ ဆိုပါတယ်။
“မင်းရွာအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ အမျိုးသ္မီး (ပခ)များအား ပြည်သူများ အထင်မှတ်ဖြင့် ငဲ့ညှာခဲ့ရာ ထိုအမျိုးသ္မီး (ပခ)များ၏ (လင်)များဖြစ်သော (စခ)များ ရောက်ရှိလာပြီး ပြန်လည် ပစ်ခတ်ကြသဖြင့် မိနစ်အငယ်ကြာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။ (ပခ)တစ်ကောင်သာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်” လို့ MG-6 ပြောက်ကျားတပ် (မြင်းခြံ)က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ပွဲဖြစ်စဉ်မှာ ပျူတွေကို ဒေသခံ အမျိုးသမီးတွေလို့ ထင်မှတ်ပြီး ငဲ့ညှာမိရာက လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတာ ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူတွေအဖြစ် အသွင်ယူ လှုပ်ရှားနေတဲ့ ပျူတွေကို သတိထားကြဖို့ လိုကြောင်းလည်း MG-6 ပြောက်ကျားတပ် (မြင်းခြံ)က ဆိုပါတယ်။ “ရန်သူ့နယ်မြေအတွင်းရှိ ပြည်သူ အသွင်ယူထားသော ပခ ကျား/မ များအား ရဲးဘော်များ အထူးဂရုပြုကြပါရန်” လို့ MG-6 ပြောက်ကျားတပ် (မြင်းခြံ)က ဖော်ပြပါတယ်။
မကွေးတိုင်း ရေစကြိုနယ်နှင့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်အစပ်၊ ရေလည်ကျွန်းဒေသ ကျေးရွာတွေထဲ စစ်အုပ်စုက မကြာခဏ ဝင်မွှေလုယက် သောင်းကျန်းကာ ဒေသခံပြည်သူတွေကို သ-တ်-ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်နေပြီး အဲ့ဒီလို ရွာစဉ်ပတ်မွှေ သောင်းကျန်းရာမှာ ရေစကြိုနှင့် မြင်းခြံနယ်ထဲက ပျူတွေကို ခေါ်ယူအသုံးပြုနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရေစကြို #ရေလည်ကျွန်း #မင်းရွာ #ပျူ #MG6 #PDF