လူမျိုး‌ပေါင်းစုံ သွေးစည်းညီညွတ်မှု အဖြစ် မီးပိတ်သပိတ်မှာ ပါဝင်ဖို့ ဒေါက်တာတေဇာစန်း တိုက်တွန်း၊

လူမျိုး‌ပေါင်းစုံ သွေးစည်းညီညွတ်မှု အဖြစ် မီးပိတ်သပိတ်မှာ ပါဝင်ဖို့ ဒေါက်တာတေဇာစန်း တိုက်တွန်း၊

MFP ၊ အောက်တိုဘာ - ၂၈

ဖားကန့်-အနန့်ပါမှသည် လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ သွေးစည်းညီညွတ်မှုကို ဖော်ညွှန်း‌တဲ့ လူထုလှုပ်ရှားမှုအဖြစ် ဒီည (၈)နာရီခွဲမှာ ပြုလုပ်မယ့် "မီးပိတ်သပိတ်"မှာ ပြည်သူအားလုံး တညီတညွတ်တည်း ဖော်ဆောင်၊ ဆင်နွှဲပေးကြဖို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက တိုက်တွန်းပါတယ်။

"ဖက်စစ်အုပ်စုရဲ့ အဓမ္မမှု၊ စစ်ရာဇဝတ်မှုများအတွက် မိမိတို့ စိတ်ထဲကနေ ဝမ်းနည်း၊ ကြေကွဲ၊ နာကြည်းနေရုံမျှနဲ့ တင်းတိမ်မနေကြသင့်။ ဒီဝမ်းနည်းနာကြည်းစိတ်ကို တော်လှန်ရေးခွန်အားအဖြစ် လက်တွေ့ကျကျ ပြောင်းလဲ ဖော်ဆောင်ကြရမယ်။ ဒီပွဲဟာ ကျနော်တို့ မုချ နိုင်မယ့်ပွဲ ဖြစ်တယ်။ ပြည်သူသာ အဓိက၊ ပြည်သူ့အားကို ဘယ်နွားမှ မဟန့်တားနိုင်ဘူး။ ဓမ္မနဲ့ အဓမ္မကြားက တိုက်ပွဲမှာ ဓမ္မကသာ မုချ အောင်ပွဲဆင်ရမယ်။ တရား တဲ့ဘက်က အား လည်း ပိုကြီးလာမှာပဲဖြစ်တယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့။ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ သွေးစည်းညီညွတ်မှုမှသည် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ . . .။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။ အရေးတော်ပုံ အောင်ရမည်။ "ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ" ဆိုပြီး ဒေါက်တာတေဇာစန်းက တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၃)ရက် ည(၈)နာရီကျော်က ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ KIA တပ်မဟာ(၉)နယ်မြေ၊ အနန့်ပါမှာ ကချင် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ - KIO ဖွဲ့စည်းခြင်း နှစ်ပတ်လည် အကြိုအဖြစ် ဂီတပွဲ ကျင်းပနေချိန် စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာကြောင့် ဂီတပွဲက အနုပညာရှင်တွေ၊ ပြည်သူတွေ အပါအဝင် လူရာချီကာ ထိခိုက်သေဆုံးခဲ့ပါတယ်။

ဖားကန့် အနန့်ပါအတွက် ဝမ်းနည်းမှုကို ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ခွန်အားအဖြစ် အရှိန်မြှင့်ဖို့ ဒီည(၈)နာရီခွဲမှာ နိုင်ငံတဝန်းက ပြည်သူတွေအနေနဲ့ "မီးပိတ်သပိတ်" ဆင်နွှဲကြဖို့ လူထုသပိတ်တိုက်ပွဲ ကော်မတီတွေက တိုက်တွန်းထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မီးပိတ်သပိတ် #ဖားကန့်_အနန့်ပါ #ဒေါက်တာတေဇာစန်း