နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ကျားသစ်နက် ရဲဘော်သုံးဦး သက်တန့်/MFP ၊

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ကျားသစ်နက် ရဲဘော်သုံးဦး သက်တန့်/MFP ၊

သြဂုတ် - ၂

စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်နိုင်ရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လက်လုပ်သေနတ်လေးတွေ ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်အလယ်ပိုင်းက ထောင်သောင်းချီတဲ့ နွေဦးတော်လှန်ရေး ရဲဘော်တွေထဲ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေလည်း ပါဝင်ပါတယ်။

ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေဖြစ်တဲ့ အသက်(၁၈)နှစ်အရွယ် ကိုရန်ပိုင်စိုး၊ အသက်(၂၄)နှစ်အရွယ် ကိုနှင်းလွင်ဦးနဲ့ အသက်(၂၆)နှစ်အရွယ် မောင်ချဲ(ခ)ကိုသန်းအောင် တို့ဟာ စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ရေး တိုက်ပွဲဝင်ရင်း ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက မကွေးတိုင်း မြိုင်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ ကျဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်(၅)ရက်က မကွေးတိုင်း မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လုယက်၊ သတ်-ဖြတ် မီးရှို့ သောင်းကျန်းနေတဲ့ အင်အား (၉၀)ကျော်ပါ စစ်အုပ်စုကို အာဏာသိမ်း စစ်အုပ်စုကို ခုခံတိုက်ခိုက်ရင်း မောင်ချဲ တို့ ရဲဘော်သုံးဦး ကျဆုံးခဲ့ရတာပါ။

နွေဦးတော်လှန်ရေး လမ်းခုလတ်မှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်သုံးဦးအနက် ရဲဘော် ကိုရန်ပိုင်စိုးဟာ စစ်အာဏာမသိမ်းမီက ပညာသင်ယူနေဆဲ ခုနှစ်တန်း ကျောင်းသား ဖြစ်ပြီး ရဲဘော် ကိုနှင်းလွင်ဦးကတော့ မိသားစုထဲမှာ သားအကြီးဆုံး ဖြစ်ပါတယ်။ ရဲဘော် မောင်ချဲကတော့ ကျဆုံးချိန်မှာ ဇနီးနဲ့ သုံးနှစ်အရွယ် သမီးငယ် ကျန်ရစ်ပါတယ်။ အဲ့ဒီ ရဲဘော်တွေဟာ သေနတ်အစစ် မရှိဘဲ လက်လုပ်သေနတ်လေးတွေ ကိုင်ပြီး ယုံကြည်မှု တစ်ခုတည်းနဲ့ ရန်သူ အကြမ်းဖက် စစ်အုပ်စုကို ရင်ဆိုင်တိုက်ခိုက်ခဲ့တာလို့ ကျဆုံးသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ပြည်သူ့ရဲဘော် သုံးဦးဟာ စနိုက်ပါသေနက် အစစ်ကိုင်ပြီး တိုက်ပွဲဝင်နိုင်ဖို့ အိပ်မက်ခဲ့ကြပေမယ့် အိပ်မက်တွေ အကောင်အထည် မပေါ်မီ ကြွေလွင့်ခဲ့ကြရတာပါ။ “ကျဆုံးသွားတဲ့ ရဲဘော်တွေက သေနက်အစစ်တွေ ကိုင်ချင်တယ်လို့တော့ ပြောသွားတယ်။ စနိုက်ဘာတွေ ကိုင်ချင်တယ်။ ကျနော့်အကိုဆို စနိုင်ဘာတွေ ကိုင်ချင်တယ်လို့ ပြောသွားတယ်။ ဒါပေမယ့် အစစ်ဆိုတာကို သူတို့ မကိုင်လိုက်ရဘူး” ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်ရည်ကာ စစ်အာဏာရှင်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ရဲဘော် သုံးဦးအကြောင်းကို MFP က တင်ဆက်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #PDF #ကျားသစ်နက် #ပြောက်ကျားတပ် #ပြည်သူ့ရဲဘော် #ကျဆုံး #နွေဦးတော်လှန်ရေး