ချင်းတွင်းမြစ်ထဲ စစ်အုပ်စုရဲ့ ရေယာဉ်(၁၃)စီးကို တိုက်ခိုက်ရာ တစ်စီး မီးလောင်၊ စနိုက်ပါ ထိပြီး စကစတချို့ သေ၊ ပြည်သူ့ရဲဘော်တစ်ဦး ဒဏ်ရာရ၊

ချင်းတွင်းမြစ်ထဲ စစ်အုပ်စုရဲ့ ရေယာဉ်(၁၃)စီးကို တိုက်ခိုက်ရာ တစ်စီး မီးလောင်၊ စနိုက်ပါ ထိပြီး စကစတချို့ သေ၊ ပြည်သူ့ရဲဘော်တစ်ဦး ဒဏ်ရာရ၊

MFP ၊ အောက်တိုဘာ - ၅

စစ်ကိုင်းတိုင်း ကနီနယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို မနေ့က ညနေပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စောင့်ကြို တိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီး မီးလောင် ပျက်စီးပြီး စကစ သုံးယောက် သေတယ်လို့ နဂါးညီနောင်တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၃)ရက် မနက်ပိုင်းက မုံရွာမြို့ကတဆင့် ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာတဲ့ လက်နက်၊ ရိက္ခာနှင့် Faw ကားတွေ တင်ဆောင်လာပြီး စစ်သဘော်တစ်စီး လုံခြုံရေးယူ လိုက်ပါလာတဲ့ စစ်အုပ်စုရဲ့ ဖလပ်သံခွံ ရေယာဉ်(၁၃)စီးကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော စခများအား လာပို့ကြီးရွာနှင့် အုန်းပင်ဆပ်ရွာ ကြား အရောက်မှာ ပထမအကြိမ် ကြားဖြတ် ပစ်ခတ်တိုက်ခတ်ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နဂါးညီနောင် ရဲဘော်များထဲမှ စနိုက်ဘာသမား၏ လက်ချက်ဖြင့် စခ သုံးကောင် ငရဲပြည်သို့ ကိုယ့်စရိတ်ကိုယ်စား ရောက်ရှိ သွားခဲ့ပါတယ်။ ထို့နောက် (၄၀မမ) ဗုံးသီး လောင်ချာဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖလပ်ခွံတစ်စီး မီးခိုတစ်လူလူဖြင့် မြစ်လယ်ခေါင်မှာ မရှူနိုင်မကယ်နိုင် ဖြစ်ခဲ့ရပါတယ်” လို့ နဂါးညီနောင် တပ်ဖွဲ့က ဖော်ပြပါတယ်။

အောက်တိုဘာ(၄)ရက်၊ နေ့လည်(၂)နာရီမှာလည်း စစ်အုပ်စုရဲ့ ရေယာဉ်တွေကို ကနီမြို့နယ် ပန်းဆိုင်းရွာအနီးမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ရှိခဲ့ပြီး စစ်အုပ်စုရဲ့ ဖလပ်ခွံ ရေယာဉ်တစ်စီး အင်ဂျင်ခန်းထိကာ မြစ်လယ်ခေါင်မှာ သောင်တင်ခဲ့သလို ဖလပ်ခွံပေါ်က စကစတေါလည်း သေတယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေအတွင်း ပြည်သူ့ရဲဘော်တစ်ဦး အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို နဂါးညီနောင်တပ်ဖွဲ့၊ KLG PDF ၊ Yoma Fighter PDF ၊ Alpha Force(Salingyi) ၊ ဗိုလ်မုတ်ဆိတ် (LPDF)၊ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့၊ ရက္ခညီနောင် LPDF၊ ဒေါင်းသွေးနီ LPDF ၊ ဗိုလ်ကျားကြီး (ဒီပဲယင်း)၊ ဒေသခံ ပကဖတွေ၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ဘုတလင် စတဲ့ မြို့နယ်တွေက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ၊ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ချင်းတွင်း #ကနီ #ကျောက်လုံးကြီး #KLG