MFP ရဲ့ စက်တင်ဘာ (၂၇)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ (၂၇)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုကို မနေ့က မနက်ပိုင်း ဖက်ရှည်ကျေးရွာအနီးမှာ ပဒေသာမိုင်းတွဲနဲ့ နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ (၃၄)ယောက် သေပြီး (၁၇)ယောက် ဒဏ်ရာရသွားတယ်လို့ သပိတ်ကျင်း ဗိုလ်လင်းယုန် တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ထပ်မံ ဝင်ရောက်လာပြီး ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနေသလို ဖက်ရှည် ရွာကိုလည်း မီးရှို့မယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုဟာ ဒီပဲယင်း လက်ယက်ကုန်း ရွာက ကျောင်းသားကလေးငယ်တွေကို သတ်-ဖြတ်မှုအတွက် လက်တုန့်ပြန်တာလို့ ဗိုလ်လင်းယုန်အဖွဲ့က ဖော်ပြပါတယ်။

၂။ နွေဦးတော်လှန်ရေး ရံပုံငွေအတွက် မန္တလေးမြို့က စစ်အုပ်စု သိမ်းယူထားတဲ့ မြေနေရာတွေကို NUG က အကွက်ရိုက် လေလံတင် ရောင်းချဖို့ စီစဉ်နေရာ စက်တင်ဘာ(၂၆)ရက်အထိ မြေကွက် (၃၀၀) ကျော် ဝယ်ယူဖို့ ကြိုတင်အမှာစာ ရရှိထားတယ်လို့ အာဏာရှင်အဆုံးသတ်နိဂုံး (EOD) က သတင်း ထုတ်ပြန်ပါတယ်။ မန္တလေးက စစ်အုပ်စု သိမ်းယူထားတဲ့ မြေနေရာတွေကို နွေဦးမန္တလေး ရင်းနှီးမြုပ်နှံမှု စီမံကိန်းအဖြစ် NUG က အောက်တိုဘာ (၁) ရက်မှာ တရားဝင် ရောင်းချမှာ ဖြစ်ပါတယ်။

၃။ မေမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲကို စစ်အုပ်စုက ကြီးကျယ် ခန်းနား စည်းကားအောင် ကျင်းပမယ်လို့ ဆိုပြီး သူတို့နဲ့ နီးစပ်ရာ မီးပုံးပျံအသင်းတွေကို ကြိုတင်ပြင်ဆင်ခိုင်းနေပြီလို့ သတင်းရရှိပါတယ်။ ကိုဗစ်နဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲ မတည်ငြိမ်မှုတွေကြောင့် နှစ်နှစ်ဆက် မကျင်းပနိုင်တဲ့ မေမြို့ တန်ဆောင်တိုင်ပွဲကို လာမယ့် နိုဝင်ဘာ (၄) ရက်ကနေ (၈) ရက်အထိ စစ်အုပ်စုက ကျင်းပဖို့ စီစသ်နေတာ ဖြစ်ပါတယ်။

၄။ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်အတွင်းက ရေလည်ကျွန်းကျေးရွာကို စစ်အုပ်စုက ဝင်မွှေလုယက် သောင်းကျန်း သ-တ်ဖြ-တ်ကာ ဖမ်းဆီး နေတာကြောင့် ဒေသခံတွေ ရွာမှာမနေဝံ့ဘဲ ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေး အခက်တွေ့နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မန္တလေး နန်းတွင်း အခြေစိုက် စစ်အုပ်စုနဲ့ ပုသိမ်ကြီးက စစ်အုပ်စုတွေက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေပြီး လူသတ်၊ လုယက်၊ ဓားပြတိုက်၊ နေအိမ်မီးရှို့၊ ဖောက်ထွင်း ခိုးယူတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ