MFP၊ စက်တင်ဘာ - ၄
ချင်းတွင်း မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို ဒီညနေပိုင်း မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရေယာဉ်တစ်စင်း ထိမှန်ပြီး စကစတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ 'ချိုမိုင်မိုင်' ယင်းမာပင်၊ ကနီ မဟာမိတ်တပ်ပေါင်းစုက သတင်း ထုတ်ပြန်ပါတယ်။
ဒီကနေ့ စက်တင်ဘာ(၄)ရက် ညနေ(၄)နာရီက ကနီနှင့် ဘုတလင်ကြား ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ် ခုနှစ်စီးကို မိုင်းဆွဲခဲ့တာ ဖြစ်ပြီး အမိုးအကာ မပါတဲ့ ရေယာဉ်တစ်စီးကို ရွေးကာ ရှေ့ထွက်မိုင်းငါး လုံးကို ပဒေသမိုင်းနဲ့တွဲပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။
"အထက်ပိုင်းကနေ ဆင်းလာတဲ့ ခွေးဖလက်ခွန်တွေဗျ။ မြစ်အရှေ့ဘက်ကမ်းဆိုတော့ ဘုတလင်နယ် ကျတယ်ဗျ။ ကျောက်စိမ်းတင် ဖလက်ခွန်လိုတော့ သိရတယ်" လို့ ချိုမိုင်မိုင် တပ်ပေါင်းစုက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ချိုမိုင်မိုင် တပ်ပေါင်းစုနှင့် ဘုတလင်(ပကဖ)တို့ ပူးပေါင်းကာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ရေယာဉ်တွေကို ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် ဒရုန်းတစ်စင်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို ချိုမိုင်မိုင် ယင်းမာပင်၊ ကနီ မဟာမိတ် တပ်ပေါင်းစုရဲက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့ ရေယာဉ်တွေဟာ ဟုမ္မလင်းနဲ့ ခန္တီးဘက်ကနေ စုန်ဆင်းလာတာ ဖြစ်ပြီး ဒေသခံလူငယ် (၁၅)ဦးနှင့် (၃၀)ကြားကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ် တင်ဆောင်လာကာ ဒီကနေ့ညပိုင်းမှာတော့ မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းကို ကပ်သွားကြပြီလို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။
"ဟုမ္မလင်းနဲ့ ခန္တီးဘက်မှာ သတင်း အမှောင်ချထားတဲ့တွက် ပြည်သူတွေက သတင်းရမှု ၊ နိူင်ငံရေးသတင်းတွေကို မသိနိူင်တဲ့တွက် စစ်ခွေးတွေရဲ့ အကြပ်ကိုင် သိမ်းသွင်းစည်းရုံးမှုတွေကြောင့် ပါလာတယ် ထင်တယ်ဗျ" လို့ ချိုမိုင်မိုင်တပ်ဖွဲ့ဝင် ရဲဘော်က မှတ်ချက်ပေးပါတယ်။
ဓားစာခံ လူသားဒိုင်းအဖြစ် စစ်အုပ်စုက ရေယာဉ်တွေပေါ် ခေါ်တင်လာတဲ့ လူငယ်တွေထဲမှာ တက္ကသိုလ်ကျောင်းသားတွေလည်း ပါတယ်လို ဒေသသတင်းရင်းမြစ်တွေက ပြောဆိုကြပေမယ့် MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ကနီနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို စစ်အုပ်စုက ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ထားပါတယ်။
မုံရွာမြို့အနီးမှာ တွေ့ရတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီး (ပုံဟောင်း)/Photo – CJ
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ဘုတလင် #ချင်းတွင်း #ချိုမိုင်မိုင်