ရှေ့တန်းပြန် ပြည်သူ့ရဲဘော်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆို၊

ရှေ့တန်းပြန် ပြည်သူ့ရဲဘော်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆို၊

MFP ၊ သြဂုတ် - ၉

စစ်ကိုင်းတိုင်း အထက်ပိုင်း ကနီနယ် ချင်းတွင်းမြစ်ကြောင်းတလျှောက် ဆန်တက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ရေယာဉ်တွေကို တိုက်ခိုက်ပြီး ပြန်လာတဲ့ ရှေ့တန်းပြန် ပြည်သူ့ရဲဘော်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုကြတယ်လို့ ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - Golden Triangle Force (GTF) က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၆)ရက် မနက်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို ကနီနဲ့ချိုင်ရွာအကြား ပွတ်လုံးဒေသမှာ ရွှေတြိဂံတပ်ရင်း (GTF)၊ တပ်ခွဲ(၄) စစ်ကျွန်မခံ မြွေဆိုးတသိုက်အဖွဲ့ အပါအဝင် ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့ရာ စကစ ငါးယောက် ထိပြီး ရေယာဉ်တစ်စီး ထိမှန်ကာ စက်ချို့ယွင်းခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ ရွှေတြိဂံ တပ်ရင်းသည် မြေပြင်မှာ ထိထိရောက်ရောက် အလုပ်လုပ်နေတယ်ဆိုတာ မိဘ ပြည်သူများ အသိဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ ပိုပြီး ခရီးရောက်အောင်၊ ပိုပြီး အောင်ပွဲ အလီလီ ရရှိအောင် ကူညီထောက်ပံ့မှုတွေ ပေးကြပါလို့ တောင်းဆိုပါရစေ” လို့ GTF က ဖော်ပြပါတယ်။ အကြမ်းဖက် စစ်အုပ်စုရဲ့ လက်နက်နဲ့ ရိက္ခာတင် သင်္ဘောတွေဟာ မုံရွာကတဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မြစ်ကမ်းတလျှောက်ကနေ တိုက်ခိုက်နေသလို စစ်အုပ်စုကလည်း မြစ်ကမ်းဘေး ရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက် မီးရှို့တာတွေ ကျူးလွန်နေပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။) #MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ချင်းတွင်း #ရွှေတြိဂံ #GTF