မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၉)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။
၁။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) ရဲစခန်းက နယ်ထိန်း ရဲတပ်ကြပ် ရခိုင်ကြီး ခေါ် အောင်ညွန့် ဆိုသူ မနေ့က ညပိုင်းက မန္တလေးမြို့ ကန်တော်ကြီးဘက်မှာ အရပ်ဝတ်နဲ့ အရက်ဝယ်နေချိန် သေနတ်နဲ့ အပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားပါတယ်။
၂။ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ထဲက ရေလည်ကျွန်းရွာကို စစ်အုပ်စုက ဒီမနက်ပိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ စီးနင်းဝင်မွှေ သောင်းကျန်းလို့ ဒေသခံ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဦးခေါင်းထိထားတဲ့ ကလေးငယ်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒါ့အပြင် ရေလည်ကျွန်းရွာထဲ ဝင်မွှေလုယက် သောင်းကျန်းတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့ တိုက်ပွဲ ဖြစ်ပြီး နှစ်ဖက် အကျအဆုံး ရှိခဲ့ကာ စကစ ဘက်က (၁၄)ယောက် သေပြီး ဒေသကာကွယ်ရေး တပ်တွေဘက်ကလည်း တစ်ဦး ကျဆုံးကာ ဖမ်းဆီးခံရသူတွေ ရှိတယ်လို့ ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုက ဆိုပါတယ်။
၃။ ဝမ်းတွင်းမြို့နယ်ထဲက လောင်းကစားဝိုင်းတွေကို အရေးယူတော့မယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေး အင်အားစု (WTRF)က ဒီနေ့ စက်တင်ဘာ(၉)ရက်မှာ ထုတ်ပြန်ပါတယ်။ ဝမ်းတွင်းမြို့နယ်ထဲ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတွေဟာ စစ်အုပ်စုနဲ့ ပူးပေါင်း လုပ်ကိုင်နေတာ ဖြစ်ပြီး စစ်အုပ်စု လက်ပါးစေတွေက လိုင်းကြေး ကောက်နေသလို လောင်းကစားဝိုင်းတွေကြောင့် ဒုစရိုက်မှုတွေကြောင့် ပိုမိုပေါများလာပြီး ပြည်သူတွေ ဒုက္ခရောက်နိုင်တာကြောင့် အရေးယူတော့မှာလို့ ဆိုပါတယ်။
၄။ အမရပူရမြို့နယ် ဥယျာဉ်တော်ကျေးရွာက စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူးတစ်ယောက် ဒီမနက်ပိုင်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားပါတယ်။
၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူနေပြီး အားကောင်းတဲ့ အဆင့်ဆင့်ကွပ်ကဲမှု ၊ တိကျတဲ့ အမိန့်နာခံမှု ၊ စနစ်ကျတဲ့ စုဖွဲ့မှုတွေနဲ့ တိုက်ပွဲဝင်လိုတယ်ဆိုရင် အတူ လက်တွဲကြဖို့ လူငယ်တွေကို ဖိတ်ခေါ်ထားပါတယ်။ Mandalay People’s Defence Force ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ