MFP ရဲ့ စက်တင်ဘာ(၁၅)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ(၁၅)ရက် မန္တလေး သတင်းများ

 

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၁၅)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း - မိတ္ထီလာ ကားလမ်း၊ လက်ပံပျားနဲ့ ဇီးဖြူကုန်းရွာ ကြားမှာ မနေ့က ည(၈)နာရီကျော်အချိန် ခရီးသည်တင်ကားနှစ်စီး အပါအဝင် ကားသုံးစီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသွားပြည်သူ (၁၃)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

၂။ မန္တလေးမြို့မှာ စစ်အုပ်စုက ပြည်သူကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးကာ ငွေညှစ်တာ၊ သ-တ်-ဖြတ်တာတွေ ကျူးလွန်နေပြီး မနေ့ကနဲ့ ဒီနေ့ နှစ်ရက်အတွင်းမှာပဲ မြို့ခံလူငယ် (၁၀)ဦး ထက်မနည်း ဖမ်းဆီးခံရတယ်လို့ မြိုကခံတွေက ပြောပါတယ်။ စစ်အုပ်စုဟာ သူတို့ကို သစ္စာခံတဲ့ ပျူတွေ၊ အုပ်ကြီးတွေ၊ မီးသတ်တွေနှင့် စည်ပင်တွေရဲ့ တိုင်ကြားချက်အတိုင်း လိုက်လံဖမ်းဆီးနေပြီး ဖမ်းမိသူတွေကို ငွေညှစ်ပြီး တချို့ကို ညှဉ်းပန်းနှိပ်စက် သ-တ်ဖြတ်တယ်လို့ ဆိုပါတယ်။ ယခုလအတွင်း မန္တလေးမြို့မှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံရသူ (၂၀)ဝန်းကျင် ရှိပြီလို့ မြို့ခံတွေက ဆိုပါတယ်။

၃။ မြင်းခြံနယ် ဧရာဝတီမြစ်ထဲမှာ သွားလာနေတဲ့ စစ်အုပ်စုရဲ့ ဆီတင်သင်္ဘောတွေကို ဒီမနက်ပိုင်း ဒရုန်းသုံးပြီး ဗုံးထု တိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက် သေပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

၄။ မန္တလေးမြို့မှာ စစ်အုပ်စုက ဆက်ကြေးယူပြီး ပေါ်တင် ဖွင့်ခွင့်ပြုထားတဲ့ ရပ်ကွက် လောင်းကစားဝိုင်းတွေကို မနေ့က စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် MDY-PDF က ထုတ်ပြန်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ