မတ္တရာနယ် ဧရာဝတီမြစ်ထဲမှာ (၁၅)ဦးပါ ဓားပြအဖွဲ့ PDF က ဖော်ထုတ် ဖမ်းဆီး၊

မတ္တရာနယ် ဧရာဝတီမြစ်ထဲမှာ (၁၅)ဦးပါ ဓားပြအဖွဲ့ PDF က ဖော်ထုတ် ဖမ်းဆီး၊

MFP ၊ စက်တင်ဘာ - ၃၀

မန္တလေးတိုင်း မတ္တရာနယ်နှင့် စစ်ကိုင်းတိုင်း ဝက်လက်နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက် ဓားပြတိုက် လုယက်မှုတွေ ကျူးလွန်နေတဲ့ အဖွဲ့ဝင် (၁၅)ဦးပါ နာမည်ကြီး ဓားပြဂိုဏ်းကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင် တပ်ရင်း(၁၈) က သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၂၃)ရက်က အဆိုပါ ဓားပြဂိုဏ်း အခြေပြုရာ ဧရာဝတီမြစ်ဘေးက စိန်ပန်းကုန်းရွာထဲ စီးနင်းဝင်ရောက်ပြီး ခေါင်းဆောင် အပါအဝင် (၁၅)ဦးလုံးကို သက်သေခံ ပစ္စည်းတွေနဲ့တကွ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

“မန္တလေးတိုင်း မတ္တရာမြို့နယ် အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက် မှာ ဓားပြမှုပေါင်း များစွာ ကျူးလွန်လျှက် ရှိသော အင်အား(၁၅) ဦးပါ နာမည်ကြီး ဓားပြဂိုဏ်း တစ်ခုကို ၎င်းတို့၏ တိုက်ရာပါပစ္စည်းများ၊ ၎င်းတို့ ကိုင်ဆောင်သော သက်သေခံ လက်နက်များနှင့် တကွ ဓားပြဂိုဏ်း အခြေပြုရာ စိန်ပန်းကုန်း ကျေးရွာ သို့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တပ်ရင်း (၁၈) က စက်တင်ဘာ(၂၃)ရက်မှာ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပြီး တပ်ရင်းမှ ရဲဘော်များ ထိခိုက်မှု လုံးဝ မရှိဘဲ ဓားပြခေါင်းဆောင် နိုင်ဝင်း နဲ့ ငြိမ်းဇော် အပါအဝင် အင်အား(၁၅)ယောက်ကို သက်သေခံပစ္စည်း များစွာဖြင့် ဖမ်းဆီး ရမိခဲ့ပါသည်” လို့ ရွှေဘိုခရိုင် တပ်ရင်း(၁၈) က ဗိုလ်စွန်ရဲက ဆိုပါတယ်။

မန္တလေးမြို့ရဲ့ အထက်ပိုင်း ဧရာဝတီမြစ်တကြောမှာ ဓားပြတိုက် လုယက်မှုတွေ ဆက်တိုက် ဖြစ်ပွား နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

လက်ရှိမှာ မန္တလေး နန်းတွင်း အခြေစိုက် စစ်အုပ်စုက ဧရာဝတီမြစ်ထဲက ရေလည်ကျွန်းရွာ အပါအဝင် မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်း သတ်-ဖြတ် မီးရှို့နေသလို မတ္တရာ၊ စဉ့်ကူးနှင့် ဝက်လက်နယ်ထဲ စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူတွေကလည်း ဓားပြတိုက် လုယက်တာတွေ ကျူးလွန် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #မတ္တရာ #ဓားပြ #PDF