နှစ်ကိုယ်တူချစ်သမျှ သီချင်းပိုင်ရှင် မြို့မကိုပေါ ရဲ့ ဈာပန

နှစ်ကိုယ်တူချစ်သမျှ သီချင်းပိုင်ရှင် မြို့မကိုပေါ ရဲ့ ဈာပန

MFP ၊ ဩဂုတ် - ၃၀

Video - Nakata Nakata Nakata

မန္တလေးမြို့က မြို့မအသင်း နာယက၊ နှစ်ကိုယ်တူချစ်သမျှ သီချင်းပိုင်ရှင် မြို့မကိုပေါ ရဲ့ ဈာပန အခမ်းအနားကို ဒီနေ့ ဩဂုတ်(၃၀)ရက်မှာ မန္တလေးမြို့ အေးရိပ်ငြိမ် သုဿာန်မှာ ကျင်းပပါတယ်။

"နှစ်ကိုယ်ချစ်သမျှ"သီချင်းကို စတင်မွေးဖွားတဲ့သူ၊ "သင်္ကြန်မိုး"ဇာတ်ကားရဲ့ နောက်ဆုံးသက်ရှိထင်ရှား ဂီတမှူး၊ မန္တလေးမြို့မ တူရိယာအသင်းကြီးရဲ့ ဂုဏ်ထူးဆောင်နာယက ဂီတမှူး စတဲ့ ခေါင်းစဉ်ပေါင်းမြောက်များစွာကို ပိုင်ဆိုင်ထားတဲ့ မြို့မ ဆရာပေါ (အကယ်ဒမီကိုပေါ)ဟာ သြဂုတ်(၂၈)ရက် ညသန်းခေါင်အချိန်က မန္တလေးမြို့က နေအိမ်မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက်(၉၅)နှစ် ရှိပြီ ဖြစ်တယ်လို့ မြို့မအသင်းက ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ ဓားတန်းရပ်ဇာတိဖြစ်တဲ့ မြို့မကိုပေါဟာ အမည်ရင်း ဦးကျော်စိုးဖြစ်ပြီး (၁၉၂၇)ခုနှစ်မှာ အဖ ဦးပေါ်၊ အမိ ဒေါ်လှ တို့က မွေးဖွားခဲ့ကာ အသက် (၂၄)နှစ်အရွယ်မှာ မြို့မတူရိယာဝိုင်းကို ဆက်ဆိုဖုန်း တီးမှုတ်သူအဖြစ် ရောက်ရှိခဲ့ပြီး ထင်ရှားတဲ့ တေးရေးဆရာနဲ့ ဂီတမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

နာမည်ကျော် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကား(၁၉၈၅)မှာ ဂီတမှူးအဖြစ် ဆောင်ရွက်ခဲ့သလို အဲဒီဇာတ်ကားထဲက “ နှစ်ကိုယ်တူ ချစ်သမျှ “ သီချင်းဟာ ဒီနေ့အထိ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်အာရုံ၊ နှုတ်ခွန်းဆက်သင်္ကြန် စတဲ့သီချင်းတွေကိုလည်း လူကြိုက်များခဲ့ပါတယ်။ (၁၉၆၁) ခုနှစ်မှာ ကိုယ်ပိုင်မေတ္တာ ရုပ်ရှင်ဇာတ်ကားအတွက် ဓာတ်ပုံထူးချွန်ဆု အကယ်ဒမီကို ဦးလူကလေးနဲ့အတူ ပူးတွဲရရှိခဲ့သူလည်း ဖြစ်ပါတယ်။

(ယခင်က သမိုင်းကောင်းနဲ့ ကျော်ကြားခဲ့တဲ့ မန္တလေး မြို့မ အသင်းဟာ လက်ရှိမှာတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုကို ထောက်ခံအားပေး နေပြီး မြို့မအသင်းသားတချို့ရဲ့ ကန့်ကွက်မှုတွေကြားက မင်းအောင်လှိုင်ရဲ့ အခမ်းအနားတွေမှာ လိုက်လံ တီးမှုတ် ဖျော်ဖြေနေပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြို့မကိုပေါ #မြို့မအသင်း #နှစ်ကိုယ်တူချစ်သမျှ