MFP Daily News - ဩဂုတ် (၁၆)ရက် မန္တလေး သတင်းများ

MFP Daily News - ဩဂုတ် (၁၆)ရက် မန္တလေး သတင်းများ

MFP ရဲ့ သြဂုတ်(၁၆)ရက် မန္တလေး သတင်းများ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မင်္ဂလာပါခင်ဗျာ

ဩဂုတ် (၁၆)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် အခြေပြု စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင် တစ်ဦးနဲ့ Black Brothers PDF အဖွဲဝင် သုံးဦး၊ စုစုပေါင်း ပြည်သူ့ရဲဘော်လေးဦးဟာ သြဂုတ်(၁၃)ရက်က စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရပြီး သုံးဦး သ-တ်ဖြ-တ် ခံရကာ တစ်ဦးကတော့ သတင်းအတိအကျ မသိရသေးဘူးလို့ စဉ့်ကိုင် LPDF က သတင်း ထုတ်ပြန်ပါတယ်။ ရဲဘော် သုံးဦးကို ဖမ်းခံရတဲ့ နေရာမှာပဲ စစ်အုပ်စုက ညှဉ်းပန်းနှိပ်စက် သ-တ်ဖြ-တ်သွားတာ ဖြစ်ပြီး ကျန်တစ်ဦးကို အရှင်ဖမ်းဆီးသွားတာလို့ စဉ့်ကိုင် LPDF က ဆိုပါတယ်။

၂။ မန္တလေးတိုင်း အထူးပြောက်ကျားတပ်ဖွဲ့(MSTF)၊ သိန်းငှက်တပ်ခွဲရဲ့ အရေးကြီး တပ်ဖွဲ့ဝင်တစ်ချို့ ဩဂုတ်(၁၀)ရက်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ အဲဒီအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအရ နောက်ကျမှ သတင်းထုတ်ပြန်ရတာလို့ ဆိုပြီး ဖမ်းဆီးခံရသူ အရေအတွက်နှင့် ဘယ်နေရာတွေမှာ ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင် တချို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

၃။ တောင်သာမြို့နယ် သပြေဝကျေးရွာက စကစခန့် အုပ်ချုပ်ရေးမှူးနဲ့ ညောင်ဦးမြို့နယ် ဂန့်ဂါရွာက ပျူစောထီးတို့ကို သြဂုတ်(၁၂)ရက်က ရှင်းလင်းခဲ့တယ်လို့ နွားထိုးကြီးဒေသ ကာကွယ်ရေးတပ်ဖွဲ့ (NRDF)က သတင်း ထုတ်ပြန်ပါတယ်။ ရွာထဲ စစ်တပ်ခေါ်ပြီး အာဏာပြတာ၊ နေအိမ်တွေ မီးရှို့မယ်လို့ ခြိမ်းခြောက်တာ၊ မီတာခတွေ အတင်းအဓမ္မ ကောက်ခံတာ စတာတွေ လုပ်ဆောင်နေလို့ အဲ့ဒီ အုပ်ကြီးနဲ့ ပျူကို ဒေသကာကွယ်ရေး တပ်တွေ ပူးပေါင်းပြီး ရှင်းလင်းသုတ်-သင်ခဲ့တာလို့ ဆိုပါတယ်။

၄။ စဉ့်ကူးမြို့နယ် ရွာသာယာကျေးရွာက ပျူအဖွဲ့ ခေါင်းဆောင်နေအိမ်မှာ စုဝေးနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ အဗန်းချား ပြောက်ကျားတပ်က သတင်း ထုတ်ပြန်ပါတယ်။ စစ်အုပ်စုတွေဟာ အဆိုပါအိမ်မှာ အထိုင်ချနေပြီး အနီးအနား ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ် သောင်းကျန်းနေလို့ အဗန်းချား A.S.D ပြောက်ကျားတပ်ဖွဲ့နှင့် ဗိုလ်ကျားကြီးအဖွဲ့တို့ ပူးပေါင်းပြီး အခုလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ