MFP ရဲ့ စက်တင်ဘာ(၁၂)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ(၁၂)ရက် မန္တလေး သတင်းများ

 

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၁၂)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ မတ္တရာမြို့နယ် ရေလယ်ကျွန်းရွာက ဒေသခံတွေကို ဖမ်းဆီးကာ လေးရက်ဆက် စီးနင်းသောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်တွေ ဒီမနက်ပိုင်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စကစ (၁၃) ယောက် သေကာ (၁၅)ယောက် ဒဏ်ရာရတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း(၁၅) Tiger King အဖွဲ့က ထုတ်ပြန်ပါတယ်။စစ်အုပ်စုဟာ စက်တင်ဘာ(၉)ရက်က စတင်ပြီး မတ္တရာမြို့နယ် ဧရာဝတီမြစ်ထဲက ရှင်လှ၊ အေးကျွန်း၊ ရေလည်ကျွန်း ရွာတွေထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတာ ဖြစ်ပါတယ်။

၂။ နိုင်ငံတဝန်း လက်နက်အားကိုးနဲ့ အကြမ်းဖက် သောင်းကျန်းနေတဲ့ စစ်အုပ်စုက မန္တလေးမြို့ပေါ်က ဆန္ဒပြသပိတ် ပြုလုပ်ခဲ့တဲ့ နေရာတွေ၊ ရပ်ကွက်တွေကိုလည်း အကြောင်းမဲ့ စီးနင်းဝင်မွှေပြီး ရမ်းကား သောင်းကျန်းတာ၊ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ မန္တလေး သပိတ်အင်အားစုက သတင်း ထုတ်ပြန်ပါတယ်။ မနေ့က စက်တင်ဘာ(၁၁)ရက် မနက်ပိုင်းကလည်း မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြသပိတ်အပြီး စစ်အုပ်စုက သပိတ်ပြုလုပ်ခဲ့တဲ့ ရပ်ကွက်ထဲ ချက်ချင်း ရောက်လာကာ အိမ်တွေထဲ ဝင်မွှေ သောင်းကျန်းရမ်းကား ရုံသာမက ဒေသခံ အမျိုးသမီး နှစ်ဦးကိုပါ သပိတ်မှာ ပါဝင်သူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၃။ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတဲ့ တစ်နှစ်ကျော်အတွင်း အဖွဲ့ဝင် ရဲဘော်(၁၄)ဦး ကျဆုံးခဲ့ကာ (၆) ဦး ဖမ်းဆီးခံထားရတယ်လို့ မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Power - GZP ( Mandalay) က ထုတ်ပြန်ပါတယ်။ GZP အဖွဲ့ကို စစ်အာဏာသိမ်းပြီး တစ်လကျော်အကြာ ၂၀၂၁ မတ်(၂၇)ရက်မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး မန္တလေးမြို့ပေါ်မှာ တိုက်ခိုက်မှုအများဆုံး လုပ်ဆောင်နေတဲ့ ပြောက်ကျားအဖွဲ့ ဖြစ်ပါတယ်။

၄။ ဝမ်းတွင်းမြို့နယ် တဲစုရွာက စစ်အုပ်စု လက်ပါးစေ ပျူအဖွဲ့ဝင် မင်းဌေး ဆိုသူကို ဒီမနက်ပိုင်း ပစ်ခတ်ရှင်းလင်းပြီး အလောင်းလာကောက်တဲ့ စစ်အုပ်စုကားကိုလည်း မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) က သတင်း ထုတ်ပြန်ပါတယ်။

၅။ တောင်သာမြို့နယ် နန်းမြင့်တောင်မှာ ဂိတ်ဖွင့်ပြီး ပြည်သူကို ဖမ်းဆီး ငွေညှစ်နေတဲ့ စစ်အုပ်စုကို စက်တင်ဘာ (၉)ရက် ညနေပိုင်က လက်နက်ကြီးနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ရာ စကစ လေးယောက် ထိခိုက်မှု ရှိတယ်လို့ နွားထိုးကြီးနယ် Natogyi People Defence Forve - NPDF က သတင်း ထုတ်ပြန်ပါတယ်။ “အသိုက်ကိုဖျက်ရင် အသက်ကို ပြန်လုမယ့် တတိယမြောက် တောကျီးကန်း စစ်ဆင်ရေး” အဖြစ် တောင်သာနယ် နန်းမြင့် တန်ပို စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ၆။ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတဲ့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က မြေပြင် တိုက်ခိုက်ရေးရော ဝေဟင်တိုက်ခိုက်ရေးမှာပါ အသုံးပြုနိုင်တဲ့ ပွိုင့်ဖိုက် (.5) သေနတ် ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ မြင်းခြံ ZERO တပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီး က ပြောပါတယ်။ လေယာဉ်ပစ်ခတ်နိုင်တဲ့ ပွိုင့်ဖိုက် သေနတ် ဝယ်ယူနိုင်ဖို့ အလှူငွေ ကျပ်သိန်း(၈၀၀)ကနေ ကျပ်သိန်း(၁၀၀၀)ကြား ရရှိဖို့ မျှော်လင့်ပြီး စက်တင်ဘာ(၉)ရက်က စတင်ကာ ရက်(၉၀) ချဲလန့်ခေါ်ပြီး အလှူခံ နေတယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ