ပုလဲမှာ MRDA က စစ်အုပ်စုကို နှစ်ရက်ဆက် တိုက်ခိုက်၊ စကစ (၁၅)ယောက် ထက်မနည်း သေပြီး MRDA ရဲဘော်တစ်ဦး ကျဆုံးကာ စကစတွေ ရဟတ်ယာဉ်နဲ့ ထွက်ပြေး၊

ပုလဲမှာ MRDA က စစ်အုပ်စုကို နှစ်ရက်ဆက် တိုက်ခိုက်၊ စကစ (၁၅)ယောက် ထက်မနည်း သေပြီး MRDA ရဲဘော်တစ်ဦး ကျဆုံးကာ စကစတွေ ရဟတ်ယာဉ်နဲ့ ထွက်ပြေး၊

MFP ၊ အောက်တိုဘာ - ၂၉

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ပုလဲပအဖရုံးကို ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်စီးနင်းပြီးနောက် အင်အား(၁၀၀)လောက်နဲ့ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင် နဂါးတပ်တော် - MRDA က စစ်ကြောင်း လေးကြောင်းခွဲပြီး နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ စကစ (၁၅)ယောက် ထက်မနည်း သေတယ်လို့ MRDA က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၅)ရက်က ပုလဲမြို့နယ်၊ ဖလန်ပင်ဆည်ရှိ ပုလဲ ပ.အ.ဖ နှင့် ပ.က.ဖ အဖွဲ့များရှိရာနေရာတစ်ခုနှင့် သဲပြင်ကျယ်ရွာအနီးကို ရယာဉ်ယာဉ်နဲ့ ပစ်ခတ်ပြီး ဒေသတွင်း စီးနင်းသောင်းကျန်းနေတဲ့ စစ်အုပ်စုကို M.R.D.A က အောက်တိုဘာ(၂၆)နှင့် (၂၇) နှစ်ရက်ဆက်တိုက် ပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အောက်တိုဘာ(၂၇)ရက်တွက် မုံရွာ နမခ မှ (Mi-35)၊ (Mi-17) ရဟတ်ယာဉ်များ တစ်ကြိမ်လာလျှင် နှစ်စီး၊ သုံးစီး အနည်းဆုံးဖြင့် သုံးကြိမ်ထက်မနည်း ဖလန်ပင်ဆည် အနီးတဝိုက်ကို အဓိကထား၍ ဗုံးသီးများချခြင်း၊ အပြင်းအထန် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၏ ကွန်မန်ဒိုများအနေဖြင့် စစ်ကြောင်း လေးကြောင်းခွဲကာ အာဏာလု စစ်ကောင်စီတပ်သားများကို အနီးဝန်းကျင်မှ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လွန်စွာ အထိနာခဲ့ပါသည်။ အထိနာနေသော စစ်သားများကို လေကြောင်းမှ လာ၍ ခေါ်ထုတ်ရန်ကြိုးစားသော်လည်း ပထမတစ်ကြိမ်တွင် မအောင်မြင်ဘဲ ပြန်လည် ခွာသွားခဲ့ပါသည်။ ထို့နောက်တွင် (Mi-35) အကူညီဖြင့် (Mi-17) နှစ်စီးဆင်း၍ ခက်ခက်ခဲခဲ ပြန်လည်ခေါ်ဆောင်သွားခဲ့ပါသည်" လို့ MRDA က ဖော်ပြပါတယ်။

စစ်အုပ်စုကို MRDA က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စကစ အသေအပျောက် အခြေအနေ အတိအကျ မသိရပေမယ့် (၁၅)ယောက်ထက်မနည်း သေနိုင်ချေရှိတယ်လို့ ဆိုပါတယ်။

"ဖလန်ပင်ဆည်တွင် တပ်စွဲစီးနင်းထားသော စကစတပ်သားများကို အောက်တိုဘာ(၂၇)၊ နေ့ခင်း(၃) နာရီတွင် (Mi-17) နှစ်စီး၊ (Mi-35) တစ်စီးဖြင့် ပြန်လည် သယ်ဆောင်သွားသောကြောင့် M.R.D.A ရဲဘော်များမှ ဖလန်ပင်ဆည်၊ ရှင်းလင်းဆောင်ဘက်သို့ ဝင်ရောက်၍ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ပါသည်။ M.R.D.A မှ ပစ္စည်းအကြီး၊ အသေးများကြောင့် စစ်ကောင်စီဘက်မှ ထိ ခိုက် ကျ- ဆုံးများပြားနိုင်သော်လည်း အတိကျကိုမူ အတည်မပြုနိုင်ပါ။ ရှေ့ကင်းခြင်းထိတွေ့မှု၊ ပစ္စည်းအကြီးဖြင့် စကစတပ်သားများ စုဝေးရာနေရာကို တိကျစွာ ပစ်နိုင်မှုများဖြင့်ပင် စကစ ဘက်မှ အနည်းဆုံး (၁၅)ဦးကို M.R.D.A မှ အင်အားလျှော့ချ နိုင်ခဲ့ပါသည်။ ပ.က.ဖ၊ ပ.အ.ဖ အခြေစိုက်နေရာကို ဝင်ရောက်စီးနင်းထားသော စကစတပ်သားများကို နှစ်ရက်ဆက်တိုက် ပိတ်ဆို့ တိုက်ခိုက်ခဲ့မှုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ တစ်ဦး မြင့်မြတ်စွာ ကျဆုံးပြီး၊ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်" လို့ MRDA က ဖော်ပြပါတယ်။

ပုလဲနယ်ထဲ စီးနင်းသောင်းကျန်းဖို့ အထူးကွန်မန်ဒိုအဖွဲ့တွေ စေလွှတ်ထားတာလို့ စစ်အုပ်စုက ဆိုပြီး အဲ့ဒီ ကွန်မန်ဒို ဆိုသူတွေကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ရာမှာ မြေပြင်မှာ ယှဉ်မတိုက်ရဲဘဲ လေကြောင်းပစ်ကူခေါ်ကာ ရဟတ်ယာဉ်တွေနဲ့ ထွက်ပြေးသွားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုက ပုလဲမြိုကနယ် ဖလန်ပင်ဆည်အနီးက ပုလဲ ပအဖ နှင့် ပကဖ ရုံးတွေကို စစ်ရဟတ်ယာသ် ငါစီးနဲ့ စီးနင်းပစ်ခတ်ပြီးနောက် ရှစ်တန်းကျောင်းသား အပါအဝင် ပြည်သူ သုံးဦး၊ CDM ရဲနှစ်ဦးနှင့် ပုလဲ ပအဖ က ဖမ်းဆီးထားတဲ့ ပျူ၊ ဒလန် ၊ မုဒိန်းမှု၊ ခိုးမှု စတဲ့ အချုပ်သား ရှစ်ဦး၊ စုစုပေါင်း လက်နက်မဲ့ ဒေသခံ (၁၃)ဦးကို သတ်ဖြတ်သွားတယ်လို့ ပုလဲ ပအဖ က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲ #ပအဖ #ပလဖ #ဖလံပင်ရွာ #MRDA #မြန်မာ့တော်ဝင်နဂါးတပ်တော် #ဗိုလ်နဂါး