MFP Daily News - ဩဂုတ်(၂၄)ရက် မန္တလေး သတင်းများ

MFP Daily News - ဩဂုတ်(၂၄)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ

 ဩဂုတ်(၂၄)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့ လမ်း(၃၀)နဲ့ (၅၇)လမ်းထောင့်မှာ မနေ့က ဖြစ်ပွါးခဲ့တဲ့ မှားယွင်း ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ဇနီးမောင်နှံ သေဆုံးခဲ့ရတဲ့အပေါ် နစ်နာသူ မိသားစုနဲ့တကွ မိဘပြည်သူတွေကို အနူးအညွတ် တောင်းပန်ပါကြောင်းနှင့် နောင်တစ်ချိန်မှာ အပြစ်အတွက် ခံယူသွားမယ်လို့ Tiger Force Mandalay အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဖက်ဆစ်တပ်ရဲ့ CID ရဲမှူး စိုးကိုကို ကို ရှင်းလင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး မရည်ရွယ်ဘဲ လူမှားပစ်ခတ်မိတာကြောင့် အင်မတန် စိတ်မကောင်း ဖြစ်ရကြောင်းနှင့် အဲ့ဒီ အမှားအတွက် အခြားမည်သည့် တော်လှန်ရေး အဖွဲ့အစည်းနဲ့မှ မသက်ဆိုင်ဘဲ သူတို့မှာသာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိကြောင်း Tiger Force Mandalay ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ “ ကျွန်တော်တို့ အချက်အလက်တွေ ပေါက်သွားပြီး လုံခြုံရေးအရ ရှောင်နေရလို့ ခုမှ သေချာစုံစမ်းပြီး တောင်းပန်စာ ထုတ်ရတာပါ၊ ကျွန်တော်တို့က ပြည်သူ ကာကွယ်ဖို့နဲ့ အာဏာရှင်တော်လှန်ဖို့ အတွက်ပဲ လက်နက်ကိုင်တာပါ၊ ခုလို ပြည်သူကို မရည်ရွယ်ဘဲ မှားပစ်မိလို့ အတော်လေး စိတ်ထိခိုက်ရပါတယ်။ နစ်နာသူမိသားစုအတွက်လည်း အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်မိပါတယ်။ သေချာလေ တောင်းပန်ချင်ပေမယ့် လုံခြုံရေးအရ ရှောင်နေရလို့ပါ “ လို့ Tiger Force Mandalay ရဲ့ တာဝန်ခံ ဗိုလ်လရောင်က MFP ကို ပြောပါတယ်။

၂။ မန္တလေးမြို့မှာ အခုရက်ပိုင်း စစ်အုပ်စုက အစစ်အဆေး ကြမ်းနေပြီး စာရွက်၊ ဓာတ်ပုံတွေနဲ့ တိုက်ဆိုင် စစ်ဆေးတာတွေပါ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “တချို့နေရာတွေဆို ဆိုင်ကယ်တွေ ဆင်းတွန်းခိုင်းတယ်၊ တူးဘောက်ဖွင့်ပြရတယ်၊ မြို့အဝင်အထွက်ဘက်မှာတော့ လိုင်းကားတွေပါ ပိုစစ်နေတယ်လို့ ကြားရတယ် “ လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

၃။ မန္တလေးမြို့လယ် နန်းတွင်းထဲက ဖက်ဆစ်တပ်ဟာ မတ္တရာနယ်က ကျေးရွာတွေကို ဝင်မွှေလုယက်ကာ မီးရှို့ဖျက်ဆီး သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်အားကိုးနှင့် နိုင်ငံတဝန်း ထင်တိုင်းကျဲ လုယက်သောင်းကျန်းကာ ပြည်သူကို ရန်ပြုနေတဲ့ ဖက်ဆစ်တပ်ဟာ ယခုရက်ပိုင်း မန္တလေးမြို့နဲ့ မိနစ်ပိုင်းသာခြားတဲ့ မတ္တရာနယ်ထဲမှာပါ ထင်တိုင်းကျဲ လုယက်သောင်းကျန်း မီးရှို့နေတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ