ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှိ့နေတဲ့ ဖက်ဆစ်တပ်ကို နှစ်ရက်ဆက် တိုက်ခိုက်၊

ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှိ့နေတဲ့ ဖက်ဆစ်တပ်ကို နှစ်ရက်ဆက် တိုက်ခိုက်၊

MFP ၊ သြဂုတ် - ၂၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာက စတင်ပြီး ယင်းမာပင်၊ ပုလဲနှင့် ကနီမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီး ဖက်ဆစ်တပ်သားတွေ အသေအပျောက် ရှိနိုင်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၂၃)ရက် မနေ့က ကနီမြို့နယ်၊ မုံရွာ - ယာကြီး - ကလေး၀ လမ်းပေါ်က အင်တိုင်းတော ရွာထဲ ဝင်မွှေ သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို ဒေသကာကွယ်ရေး တပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စကစဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ပါသည်။ KLG PDF (ကျောက်လုံးကြီး) အဖွဲ့မှ ရဲဘော်နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိထားပါသည်။ ရဲဘော်တစ်ဦးမှာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါသည်” လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကနီနယ် ကျောက်လုံးကြီး တပ်မဟာ - KLG PDF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုမှာ ဖက်ဆစ်တပ်သား (၂၀)ခန့် သေမယ်လို့ ခန့်မှန်းရကြောင်းနှင့် ဖက်ဆစ်တပ်က အင်တိုင်းတောရွာထဲက နေအိမ် ငါးလုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ရွှေတြိဂံ ပြည့်သူ့ကာကွယ်ရေး တပ်ရင်း - GTF က ဖော်ပြပါတယ်။

မုံတိုင်ပင်ရွာက အစပြုပြီး ယင်းမာပင်၊ ပုလဲနှင့် ကနိနယ်ထဲ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ လုယက် သောင်းကျန်းကာ ဒေသခံပြည်သူတွေကို ရန်ပြု သ-တ်-ဖြတ်နေတဲ့ အင်အား(၁၅၀)ခန့်ပါ ဖက်ဆစ်တပ်ကို ရွှေတြိဂံတပ်ရင်း(GTF)၊ B21 ၊ DGF ၊ နဂါးညီနောင် ၊ CGYDF၊ KLG၊ အမိမြေတော်လှန်ရေးအဖွဲ့၊ မြောက်ယမားတပ်ရင်း၊ ဆားလင်းကြီး မဟာမိတ်တပ်ပေါင်းစု၊ Alpha စစ်ကြောင်း၊ Chindwin Brothers ၊ ဒေသကာကွယ်ရေး တပ်တွေနှင့် မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့ သြဂုတ်(၂၄)ရက် မနက်ပိုင်း မုံရွာ - ယာကြီး - ကလေးဝလမ်း၊ အင်းတိုင်းတောရွာအနီး ဆက်လက် သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို ရွှေတြိဂံတပ်ရင်း(GTF)နှင့် B21 ပူးပေါင်း တပ်တွေက ထပ်မံ တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်ဘက်က အသေအပျောက် ရှိနိုင်သလို GTF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး လက်မောင်းကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ GTF က ထုတ်ပြန်ထားပါတယ်။

ဖက်ဆစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့ လက်နက်ခဲယမ်း လိုအပ်နေပြီး အများပြည်သူက ထောက်ပံ့ကူညီပေးကြဖို့လည်း ဒေသကာကွယ်ရေး တပ်တွေက မေတ္တာရပ်ခံထားပါတယ်။

ရင်ပေါင်တိုင်းရွာက စတင်ပြီး ယင်းမာပင်၊ ပုလဲ၊ ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို တိုက်ခိုက်စဉ်/Video – GTF

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #GTF #KLG #ကနီ #ယင်းမာပင် #တိုက်ပွဲ #PDF