ရေစကြိုနယ်မှာ ဖက်ဆစ်တပ်ကို PDF(၂၆)ဖွဲ့ ပေါင်းပြီး တိုက်ခိုက်နေ၊ ဖက်ဆစ်တပ်သား (၂၁)ယောက် သေဟုဆို၊

ရေစကြိုနယ်မှာ ဖက်ဆစ်တပ်ကို PDF(၂၆)ဖွဲ့ ပေါင်းပြီး တိုက်ခိုက်နေ၊ ဖက်ဆစ်တပ်သား (၂၁)ယောက် သေဟုဆို၊

MFP ၊ သြဂုတ် - ၂၇

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသ မင်းရွာကျေးရွာထဲ စီးနင်းအထိုင်ချကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို ဒေသကာကွယ်ရေး မဟာမိတ် (၂၆)ဖွဲ့ ပေါင်းပြီး တိုက်ခိုက်ရာ ဖက်ဆစ်တပ်သား (၂၁)ယောက် သေတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

မင်းရွာကျေးရွာထဲ တစ်လကျော်ကြာ စီးနင်းအထိုင်ချနေပြီး ရေလည်ကျွန်းဒေသ ရွာနှစ်ရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့တဲ့ ဖက်ဆစ်တပ်ကို သြဂုတ်(၂၄)ရက် မနက်ပိုင်းက ရွာနားအထိ ကပ်ကာ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကာ မိနစ်(၂၀)ကျော် တိုက်ပွဲဖြစ်ခဲ့ပြီး ဖက်ဆစ်တပ်သား (၂၁)ယောက် ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ မဟာမိတ် တပ်ဖွဲ့တွေဘက်က ပြည်သူ့ရဲဘော် ခြောက်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ သူတို့ဘက်က ပြန်လည် ပစ်ခတ်တာတွေ ရှိခဲ့ပေမယ့် ကျနော်တို့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်"လို့ ရေစကြို ပကဖ ရဲဘော်ဝေကြီးက MFP ကို ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ရေစကြို (ပကဖ)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း - ၁ (27 Revolution Force၊ Burmese Guerilla Force (BGF)၊ 11 Brothers Revolution Force ၊ မြင်းခြံခရိုင် တပ်ရင်း - ၂ (PDF-Taloke)၊ MGN Tiger၊ MGN Ranger၊ Myingyan Twenty One Guerilla Force၊ မြင်းခြံခရိုင် တပ်ရင်း - ၃ (မြေလတ် PDFT) ၊ TTA ပြောက်ကျားတပ်၊ 7 People's Defense Force၊ စတဲ့ မဟာမိတ် (၂၆)ဖွဲ့ ပါဝင်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

မင်းရွာထဲ စီးနင်းအထိုင်ချနေတဲ့ ဖက်ဆစ်တပ်တွေ တိုက်ခိုက်ခံနေရချိန် ဖက်ဆစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်တစ်စီးနဲ့ လေကြောင်းပစ်ကူပေးဖို့ ရောက်လာပေမယ့် တော်လှန်ရေး ရဲဘော်တွေ အလျှင်အမြန် ပြန်ဆုတ်နိုင်ခဲ့တာကြောင့် လေကြောင်းက ပစ်ခတ်ချိန်မရလိုက်ဘဲ ပြန်လှည့်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဖက်ဆစ်တပ်ဟာ လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ရေလည်ကျွန်းဒေသထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေတာ ဖြစ်ပြီး မင်းရွာကျေးရွာမှာ အထိုင်ချကာ အနီးဝန်းကျင် ကျေးရွာတွေ ဖြစ်တဲ့ လှေခုတ်ရွာနှင့် ငတရော်ရွာတွေကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ (၇၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်းဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ရဲဘော်ဝေကြီးက ရှင်းပြပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ရေလည်ကျွန်း #မင်းရွာ #PDF