စစ်အုပ်စု သောင်းကျန်းလို့ ဖောင်စီးရင်း ရေငတ်နေတဲ့ အညာတောင်သူလယ်သမားများ၊

စစ်အုပ်စု သောင်းကျန်းလို့ ဖောင်စီးရင်း ရေငတ်နေတဲ့ အညာတောင်သူလယ်သမားများ၊

MFP ၊ သြဂုတ် - ၂၃

တမျှော်တခေါ် ကျယ်ပြောတဲ့ လယ်ကွင်းတွေကြား နေထိုင်ကြတဲ့ အညာက တောင်သူလယ်သမားတွေဟာ ကိုယ်စိုက်တဲ့စပါး၊ ကိုယ်ကြိုက်ဆန် မစားနိုင်ကြတော့ဘဲ ဆန်ကြမ်း၊ စပါးဖျင်းတွေ ဝယ်ယူ စားသုံးနေရပါတယ်။

အာဏာသိမ်း ဖက်ဆစ်တပ်ရဲ့ ရန်ပြုသောင်းကျန်း ဖျက်ဆီးမှုတွေကြောင့် တောင်သူလယ်သမားတွေ စပါးစိုက်ပျိုးတာ၊ ဝမ်းစာစပါး သိုလှောင်နိုင်တာတွေ မရှိတော့ဘဲ ဆန်ကြမ်းတွေ ဝယ်ယူစားသုံးနေကြရတာပါ။

စစ်ကိုင်းတိုင်း ရွှေဘိုနယ်ဟာ ဘေးကြား လို့ ခေါ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေး ဆန်တွေ အလျှံပယ် စိုက်ပျိုးထွက်ရှိတဲ့ ဒေသ ဖြစ်ပါတယ်။ ရွှေဘိုပေါ်ဆန်းဟာ မြန်မာနိုင်ငံတဝန်း လူကြိုက်အများဆုံးနဲ့ ဈေးအကြီးဆုံး ဆန် အမျိုးအစား ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မိုးရာသီက ဘေးကြား ငါးဓက စိုက်ပျိုးခဲ့ပြီး စပါးတင်း (၄၀၀) ထွက်ရှိခဲ့တဲ့ ရွှေဘို ဒီပဲယင်းနယ်က တောင်သူတစ်ဦးကတော့ လက်ရှိမှာ ဆန်ကြမ်းတွေ ဝယ်စားနေရတယ်လို့ ပြောပြပါတယ်။

အာဏာသိမ်း စစ်အုပ်စုက အညာတခွင် ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းပြီး မြေလှန်ဖျက်ဆီး မီးရှို့နေတာကြောင့် ဒေသခံပြည်သူတွေ ဘေးဒုက္ခမျိုးစုံ ကြုံနေရပါတယ်။ စစ်အုပ်စုဟာ ရွာတစ်ရွာကို ဝင်မွှေပြီဆိုတာနဲ့ ပထမအဆင့် တစ်အိမ်တက်ဆင်း ဖောက်ထွင်းကာ တန်ဘိုးကြီးပစ္စည်းနဲ့ ရွှေငွေတွေ ခိုးယူလုယက်ပြီး ဒုတိယအဆင့်အနေနဲ့ကတော့ အဲ့ဒီ ရွာထဲကက အိမ်ကြီးအိမ်ကောင်းတွေ၊ စပါးကျီ စပါးတိုက်တွေကို ရေးပြီး မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကားလမ်းနဲ့ နီးတဲ့ အိမ်တွေက တန်ဘိုးကြီး အိမ်ထောင် ပရိဘောဂ ပစ္စည်းတွေ၊ ဆန်စပါး ရိက္ခာတွေကိုလည်း မီးမရှို့ခင် ကားနဲ့တင်ပြီး လုယက်သယ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနှစ်က လယ်သုံးဧက စိုက်ပျိုးခဲ့ပြီး ရွှေဘိုဘေးကြားစပါးတွေကို ဝမ်းစာအဖြစ် သိုလှောင်ခဲ့တဲ့ လယ်သမားတစ်ဦးကလည်း သူတို့ရဲ့ စပါးတွေကို စစ်အုပ်စုက ခိုးယူသွားလို့ လက်ရှိမှာ ဆန်ဝယ် စားနေရတယ်လို့ ပြောပါတယ်။

ဖောင်စီးရင်း ရေငတ်ဆိုတဲ့ကိန်း ကြုံနေရတဲ့ အညာက တောင်သူလယ်သမားတွေ အကြောင်း MFP က တင်ဆက်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ဆန် #တောင်သူ #လယ်သမား