MFP Daily News - ဩဂုတ်(၂၅)ရက် မန္တလေး သတင်းများ

MFP Daily News - ဩဂုတ်(၂၅)ရက် မန္တလေး သတင်းများ

 မင်္ဂလာပါခင်ဗျာ။

ဩဂုတ်(၂၅)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။နှစ်(၁၅၀)ကျော် သက်တမ်းရှိ မန္တလေး နန်းမြို့ရိုးကို ပြုပြင်တယ်လို့ အကြောင်းပြပြီး အာဏာသိမ်း စစ်အုပ်စုက သြဂုတ်(၂၀)ရက်က စတင်ကာ ထင်တိုင်းကျဲ ဖြိုဖျက် တူးဖော် နေပါတယ်။ “နန်းမြို့ရိုး တည်ဆောက်စဉ်က ပြအိုးတအိုးတိုင်းမှာ ရွှေအစစ်၊ ကျောက်မျက်ရတနာ အစစ်တွေ မြုပ်ပြီး တည်တာဆိုတဲ့ ယုံတမ်းစကားတွေ ရှိတော့ အဲ့တာတွေ ရှိမယ်ထင်ပြီး တူးတာ ဖြစ်မယ်”လို့ မန္တလေး မြို့ခံ တစ်ဦးက မှတ်ချက်ပြုပါတယ်။

၂။ မန္တလေးမြို့ပေါ်မှာ စားသောက်ကုန်တွေ အယောင်ပြ ဈေးရောင်းနေတဲ့ စစ်အုပ်စုက ဒီကနေ့မှာ ကျူးကျော်နေထိုင်သူနှင့် ဝင်ငွေနည်း ပြည်သူတွေ နေထိုင်တဲ့ မန္တလေးမြစ်ဆိပ်အနီးက မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ထဲမှာ အယောင်ပြ ဈေးရောင်းခဲ့ပါတယ်။ စစ်အုပ်စုဟာ တဖက်မှာ အယောင်ပြဈေးရောင်းနေချိန် စိန်ပန်းရပ်ကွက်ထဲက အိမ်သုံးလျှပ်စစ်မီတာတွေကို လိုက်လံ ဖြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၃။ မန္တလေးမြို့က ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်(ဒိုင်ယာနာ)ကို စစ်အုပ်စုက ထောင်သုံးနှစ် ချလိုက်ပါတယ်။ စစ်အုပ်စုဟာ ကိုဇော်ဇော်ကို ပြီးခဲ့တဲ့ ဧပြီ(၁၀)ရက်ကတည်းက ဖမ်းဆီးထားတာ ဖြစ်ပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲထောင်ချတာ ဖြစ်ပါတယ်။ ကိုဇော်ဇော်ဟာ စစ်အာဏာမသိမ်းခင်က ဧရာဝတီသတင်းဌာနမှာ ဓာတ်ပုံသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

၄။မန္တလေးမြို့ပေါ်မှာ အဆိုးဆုံး သောင်းကျန်းနေတဲ့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)ရဲစခန်း ဒီနေ့ ဗုံးထု ခံရပါတယ်။ အဲ့ဒီ ဗုံးထုတိုက်ခိုက်မှုကြောင့် စစ်အုပ်စု ထိခိုက်တာ မရှိဘဲ အရပ်သားပြည်သူတစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ