စစ်အုပ်စုက လုပ်ကြံသတင်းတွေဖြန့်ပြီး သွေးခွဲဖို့ ကြိုးစားနေဟု မန္တလေး MDY PDF ထုတ်ပြန်၊

စစ်အုပ်စုက လုပ်ကြံသတင်းတွေဖြန့်ပြီး သွေးခွဲဖို့ ကြိုးစားနေဟု မန္တလေး MDY PDF ထုတ်ပြန်၊

MFP ၊ သြဂုတ် - ၂၀

" TNLA နဲ့ PDF ခေါင်းဆောင် မုန်တိုင်းရဲ့ ယုတ်မာမှု " ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်မှာ ဖြန့်ဝေခဲ့တဲ့ လူငယ်တွေဟာ လက်ရှိမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံထားရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး - MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

Oppa Wai Lay ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကနေ သြဂုတ်(၁၆)ရက်က " TNLA နဲ့ pdf ခေါင်းဆောင် မုန်တိုင်းရဲ့ ယုတ်မာမှု " ဆိုတဲ့ ခေါင်းစဉ်နဲ့ ခြောက်မိနစ်ခွဲကြာ ဗွီဒီယိုဖိုင်တစ်ခု ဖြန့်ဝေထားပြီး အဲ့ဒီ ဗွီဒီယိုမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာက စတင်ပြီး TNLA နယ်မြေထဲ စစ်သင်တန်း တက်ရောက်ချိန်အတွင်း ကြုံခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေကို ပြောဆိုထားတာ ဖြစ်ပါတယ်။

အဲ့ဒီ ဗွီဒီယိုနဲ့ ပတ်သက်ပြီး MDY – PDF ရဲ့ ထုတ်ပြန်ချက်မှာတော့ ဗွီဒီယိုဖိုင်ထဲမှာ ပါတဲ့ လူငယ်နှစ်ဦးဟာ MDY-PDF တပ်ဖွဲ့မှာ စစ်သင်တန်းတက်ရောက်ခဲ့တာ မှန်ကန်ပေမယ့် သြဂုတ်(၁၂)ရက်က စတင်ပြီး စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံထားရတယ်လို့ ဆိုပါတယ်။

“မိမိတို့ စုံစမ်းမှုများအရ အဆိုပါ " Oppa Wai Lay " Facebook Acoount ပိုင်ရှင်သည် အသက်(၁၈)နှစ်ရှိသူ ကိုသူထူးအောင် ဖြစ်ပြီး အဆိုပါ လူငယ်သည် MDY-PDF ၏ သင်တန်းဆင်း ရဲဘော်တစ်ဦး ဖြစ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရဲဘော်သည် မြေပြင်၌ ဩဂုတ်(၁၁)ရက်တွင် အဆက်သွယ်မရ ဖြစ်ခဲ့ရာမှ သြဂုတ်(၁၂)ရက်၌ အကြမ်းဖက်စစ်တပ်မှ မတရား ဖမ်းဆီးထားကြောင်း သိရှိခဲ့ရသည်။ ထိုသို့ ဖမ်းဆီး ခံရပြီးသည့်နောက်တွင် ၎င်း၏ Facebook Account အား ယခင်နာမည် (မသိရှိရသေး)မှ " Oppa Wai Lay " ဟု ပြောင်းလဲသုံးစွဲကာ သီးခြား လူငယ်နှစ်ယောက်မှ ဝင်ရောက် အသုံးပြုနေကြောင်း သိရသည်။ ရုပ်သံပါ လူငယ်နှစ်ယောက် အနက်မှ အဓိကပြောဆိုသူ (မျက်နှာတွင်မှဲ့ပါသောလူငယ်) မှာ အသက်(၁၈)နှစ်ရှိသူ ကိုဝေဖြိုးဦး ဖြစ်ကြောင်း သိရှိရသည်။ ကိုဝေဖြိုးဦး သည်လည်း သြဂုတ်(၁၄)ရက်တွင် အကြမ်းဖက်စစ်တပ်မှ ထောင်ချောက်ဆင်ကာ မတရား ဖမ်းဆီးခံခဲ့ရသူ ဖြစ်ကြောင်း ထပ်မံ သိရှိရပါသည်။ ၎င်းနှင့်အတူ ပါဝင်ပြောဆိုသူ (ကတုံးဆံပင်ပေါက်ပုံစံရှိ) လူငယ်သည် မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ထိုအချက်အလက်များအပေါ် အခြေခံ၍ အဆိုပါ ရုပ်သံဖိုင်ပါ လူငယ်နှင့် Facebook Account ၏ နဂိုမူလ ပိုင်ရှင်သည် အကြမ်းဖက် စစ်တပ်၏ မတရား ဖမ်းဆီးခံထားရသည့် လူငယ်များသာ ဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့သည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် နားလည်မှု လွှဲမှားနိုင်ပါသောကြောင့် မိမိတို့ ကနဦး စုံစမ်းရရှိသည့် သတင်းအချက်အလက်များအား လေးစားစွာဖြင့် တင်ပြလိုက်ပါသည်” လို့ MDY - PDF က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတင်းတွေ ဖြန့်နေတာလို့လည်း MDY-PDF က ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ ဗွီဒီယိုတွေ တင်တဲ့ ကိုဝေဖြိုးဦးဟာ ဒီနေ့ သြဂုတ်(၂၀)ရက် ညနေပိုင်းမှာတော့ မန္တလေးမြို့ အခြေအစိုက် စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)ထဲမှာ စစ်အုပ်စုနှင့်အတူ ရှိနေပြီး အလင်းဝင်တယ်လို့ စစ်လော်ဘီတွေက ဖော်ပြပါတယ်။

Oppa Wai Lay ဖေ့စ်ဘွတ်ခ်အကောင့်ကနေ တင်တဲ့ ဗွီဒီယိုဖိုင် အပိုင်း ငါးပိုင်းကို စုပေါင်းပြီး ပြန်လည် ဖော်ပြလိုက်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်သင်တန်း #MDYPDF #PDF